ဦးကိုနီလုပ်ကြံခံရမှု လိုပြသက်သေ ၁၁ ဦး အထိစစ်ဆေးပြီးစီးသော်လည်း ပူးပေါင်းကြံစည်မှု အကြောင်း ထွက်ဆိုခြင်းမရှိသေး

ဦးကိုနီလုပ်ကြံခံရမှု လိုပြသက်သေ ၁၁ ဦး အထိစစ်ဆေးပြီးစီးသော်လည်း ပူးပေါင်းကြံစည်မှု အကြောင်း ထွက်ဆိုခြင်းမရှိသေး

ရန်ကုန်၊ ဇူလိုင်လ ၂၈ ။           ။ ရှေ့နေဦးကိုနီ လုပ်ကြံခံခဲ့ရသည့် အမှုနှင့် ပတ်သက်ပြီး လူသတ်မှုအတွက် တရားလိုပြသက်သေ ၁၁ ဦး အထိစစ် ဆေးပြီးစီးခဲ့သော်လည်း ပူးပေါင်းကြံစည်မှုအကြောင်း ထွက်ဆိုခြင်းများမရှိသေးကြောင်း သိရသည်။

လက်ရှိတွင် ရှေ့နေဦးကိုနီလုပ်ကြံမှု၌ ပူးပေါင်းကြံစည်ခဲ့သည်ဟု သံသယရှိသူများအဖြစ် ရဲတပ်ဖွဲ့မှ အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်နှင့် ဇေယျာဖြိုးတို့အား ဖမ်းဆီးထားခြင်းဖြစ်သည်။ အဆိုပါအမှုနှင့် ပတ်သက်ပြီး လူသတ်မှုအတွက် စစ်ဆေးရန် တရားလိုပြသက်သေ အယောက် ၈ဝ ထိရှိပြီး ယနေ့ ဇူလိုင်လ ၂၈ နေ့ရုံးချိန်းတွင် သေနတ်သမားကြည်လင်းအပါအဝင် ၄ ဦးအား ရန်ကုန်မြောက်ပိုင်း ခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ကာ လိုပြသက်သေများဖြစ်သည့် ရန်ကုန်လေဆိပ်မှ လေဆိပ်လုံခြံုရေး ဦးမောင်ဌေး အပါအဝင် ၃ ဦးအား စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“ဒီဖြစ်စဉ်သက်သေတွေကိုပဲ ကျွန်တော်တို့ စစ်နေရသေးတာပါ။ ဒီထက်ပိုပြီးတော့ ဘာဖြစ်လို့ ပူးပေါင်းကြံစဉ်မှု တွဲရသလဲပေါ့ဗျ။ ပူးပေါင်းကြံစဉ်မှုက ဘယ်လိုပါလားသလဲဆိုတဲ့အဆင့်ထိ မရောက်သေးဘူး။ သက်သေ ၁၁ ယောက်ထိ တင်ပြီးတဲ့အထိမှာ ကြည်လင်းက ပစ်ခတ်လုပ်ကြံတယ် ဆိုတဲ့ အကြောင်းအရာတွေပဲ ထွက်ဆို တယ်။ ကျန်တဲ့သူတွေက ဘာကြောင့် ဒီအမှုထဲမှာ နွယ်ပြီး ပါလာလဲဆိုတဲ့ သက်သေကို အစိုးရရှေ့ နေဘက် ကနေပြီးတော့ မတင်ပြသေးဘူး။ အစိုးရရှေ့နေ အမှုလိုက်ရှေ့နေက ဒါတင်ပြရမယ့် သက်သေဖြစ်တယ် ”ဟု ရှေ့နေဦးကိုနီမိသားစုဘက်မှ တွဲဖက်လိုက်ပါဆောင်ရွက်ပေးသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။

လူသတ်မှုနှင့် သက်ဆိုင်သည့် လိုပြသက်သေများကို ဇွန်လ ၃ဝ ရက်နေ့ရုံးချိန်းမှ စတင်ကာ မြောက်ပိုင်းခရိုင် တရားရုံးတွင် စစ်ဆေးနေခြင်းဖြစ်ပြီး လက်ရှိ ရုံးချိန်းများတွင် ရုံးချိန်းတစ်ချိန်းလျှင် လိုပြ သက်သေ ၃ ဦးထိသာ စစ်ဆေးနေသည့်အတွက် မြောက်ပိုင်းခရိုင်တရားရုံးမှ ရုံးချိန်းတစ်ချိန်းလျှင် လိုပြသက်သေ ၆ ဦးထိ တိုးပြီးစစ် ဆေးရန် ညွှန်းကြားထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ရှေ့နေဦးကိုနီလုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး တရားရုံးမှ အမှုအား စစ်ဆေးနေမှု အခြေ အနေမှာ ကြန့်ကြာနေသည်ဟု ဝေဖန်မှုများလည်းရှိနေသည်။

“ ဟိုဘက်ကလည်း မြန်မြန်စစ်ချင်တယ်။ ကျွန်တော်တို့ကလည်း မြန်မြန်ပြီးချင်တယ်။ တရားရုံးကလည်း မြန်မြန်စစ်ချင်တယ်။ အဲ့ဒီတော့ သက်သေတွေလာနိုင်တဲ့အနေအထား၊ စီစဉ်ရတဲ့ အဆင့်အနေအထား အဲ့ဒါတွေပဲ ကြားထဲမှာပေါ့ဗျ။ ထုံးစံအတိုင်း ကြာတတ်ပါတယ်။ သက်သေ ၈ဝ တောင်ရှိတယ်ဗျ။ အခု ၃ ယောက်၊ ၃ ယောက်နဲ့ စစ်နေတယ်။ ဒီလိုပဲ ဖြစ်စဉ်ထွက်ဆိုတဲ့ သက်သေတွေ လာမယ်ဆိုရင် ဖြစ်နိုင်ရင် သက်သေ ၆ ယောက်ထိ စစ်ဆေးဖို့အတွက် တရားရုံးက ညွှန်ကြားနေပါတယ် ”ဟု ဦးခင်မောင်ဌေးက ဆိုသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး လာမည့် ဇူလိုင်လ ၂၈ ရက်နေ့ ရုံးချိန်းတွင်လည်း လူသတ်မှုအတွက် သေနတ် သမားကြည်လင်းအပါအဝင် ၄ ဦးနှင့် သက်ဆိုင်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃ဝ၂/၃၄/၂၁၂ အမှုအတွက် တရားလိုပြသက်သေများအား ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly