စစ်တွေမြို့ ကယ်ဆယ်ရေးရပ်ကွက်တွင် လျှပ်စစ်ဓါတ်တိုင်များ ပြီးစီးသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း မီးမရရှိသေး

စစ်တွေမြို့ ကယ်ဆယ်ရေးရပ်ကွက်တွင် လျှပ်စစ်ဓါတ်တိုင်များ ပြီးစီးသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း မီးမရရှိသေး
ဓာတ်ပုံ - အောင်အောင်ထူး/RiA

စစ်တွေ၊ ဇူလိုင် ၂၈ ရက်။         ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကယ်ဆယ်ရေးရပ်ကွက်တွင် လျှပ်စစ်မီးတိုင်များ စိုက်ထူပြီးစီးနေသည်မှာ ကြာမြင့်နေပြီဖြစ်သော်လည်း ယခုအချိန်ထိ မီးမရရှိသေးခြင်းနှင့် ပတ်သတ်၍ ၎င်းရပ်ကွက်နေပြည်သူတို့မှာ ဝေဖန်ချက်များ ထွက်ပေါ်လျှက် ရှိကြသည်။

“မီးတိုင်တွေကို ပထမတစ်ခေါက် စိုက်ထားတာတော့ တစ်နှစ်ကျော်လောက်ရှိပါပြီ။ ဒါပေမဲ့ အဲဒါဟာ ပုဂ္ဂလိက စက်ရုံတစ်ရုံကို မီးပေးဖို့အတွက် လုပ်တာလို့ကြားပါတယ်။ အခုစိုက်ထားတဲ့ မီးတိုင်တွေကတော့ ၅ လ လောက်ရှိပါပြီ။ ဒါပေမယ့် မီးက ဘယ်အချိန် ရမယ်ဆိုတာ တစ်ယောက်မှလည်း မပြောဘူး။ ရမယ်၊ ရမယ်နဲ့ မရတာကြာပါပြီ။ ကျွန်တော်အနေနဲ့ ပြောရမယ်ဆိုရင်တော့ မီးအရင်ရစေချင်တာပေါ့။ မီးရရင် အကုန်လုံးလိုလို အဆင်ပြေတယ်လေ။” ဟု ကယ်ဆယ်ရေးကွက်နေ ကိုစိုးလင်း က RiA သို့ ပြောသည်။

ယင်းရပ်ကွက်တွင် ဓာတ်အားလိုင်းဆွဲထားသည့် Transfer သည် ရပ်ကွက်အတွင်း နေထိုင်လျှက်ရှိသော အိမ်ထောင်စု အရေအတွက် မလုံလောက်သောကြောင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌက ပြည်နယ်အစိုးရထံသို့ တင်ပြထားလျှက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ လက်ရှိဘာကြောင့် မီးမပေးနိုင်သေးဘူးလဲ ဆိုတော့ ကျွန်တော်တို့မှာ အခုဓာတ်အားလိုင်း ဆွဲထားတဲ့ဥစ္စာက ကယ်ဆယ်ရေးစခန်း ၂ အနားမှာပေါ့။ ၁၀၀ ကေဗွီ Transfer တစ်လုံးနဲ့ ၁၀၀ ဗို့ ဓာတ်အားလိုင်း ဆွဲထားပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီ ၁၀၀ ကေဗွီ Transfer တစ်လုံးနဲ့ ကယ်ဆယ်ရေးစခန်း ၂ ကို ဝင်အားမနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ အိမ်ထောင်စုဦးရေက ၄၀၀ ကျော်တယ်လေ။ အဲဒါကြောင့် ဒီကယ်ဆယ်ရေးစခန်း ၂ အတွက် နောက်ထပ် ၂၀၀ ကေဗွီ၊ ၄၀၀ ဗို့လိုင်း၊ ၀.၅ မိုင် တစ်လုံး တည်ဆောက်ဖို့အတွက် တင်ပြထားတာရှိပါတယ်။ ဒါတွေတည်ဆောက်ပြီးရင်တော့ ဓာတ်အား လိုင်းတွေ ဖြန့်ဝေပေးမှာပါ။”ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးသန့်ဇင်ဦးက ပြောသည်။

ကယ်ဆယ်ရေးရပ်ကွက်အတွင်းရှိ လျှပ်စစ်ဓာတ်မီးတိုင်များအား ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက် လုပ်ခဲ့ကာ ယခုနှစ် မတ်လတွင် ပြီးစီးခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ မီးရနိုင်ခြင်း မရှိသေးသောကြောင့် ပြည်သူများမှာလည်း ဝေဖန်မှုများရှိနေပြီး မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှလည်း ပြည်နယ် အစိုးရထံသို့ တင်ပြလျှက်ရှိကြောင်း သိရသည်။

ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူများအတွက် အိမ်သုံးမီတာ တပ်ဆင်ပေးခြင်းများ၊ ၂၀၁၇- ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် စစ်တွေမြို့နယ်အတွင်းရှိ ဂန့်ကော်ကျွန်းကျေးရွာ၊ ငတောက်တက် ကျေးရွာနှင့် သာယာကုန်း (ရခိုင်) ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ် စစ်အင်ဂျင်နီယာ၏ ပြောကြားချက်အရသိရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်၏ မြို့နယ်အသီးသီးတွင် မီးမရရှိသေးသည့် ကျေးရွာအများအပြား ကျန်ရှိနေသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly