ရန်ကုန်၊ ဇူလိုင်လ ၂၆ ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ မြို့မဘိနယ်(၉)ရပ်ကွက်၊ ဘိုကလေးတံတားခြေဆင်းဆိပ်ကမ်း နေရာတွင် ပိတောက်သစ်များ တရားမဝင် တင်ဆောင်လာသော ရေယာဉ်နှင့်အတူ ဆက်စပ်ပစ္စည်းများ ဖမ်းမိခဲ့ ကြောင်း သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်သည်။
အဆိုပါ ပိတောက်သစ်များတင်ဆောင်လာသော ရေယာဉ်ကို ဘိုကလေးမြို့နယ် ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြို့နယ်ထွေအုပ်မှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဇူလိုင်လ ၂၅ ရက်နေ့တွင် တရားမဝင် သစ်ထုတ်လုပ်မှုများအား ရှာဖွေဖမ်းဆီးနေရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဘိုကလေးတံတားခြေဆင်းဆိပ်ကမ်းနေရာတွင် ဖမ်းဆီးရမိခဲ့သည့် “အောင်မင်္ဂလာထွန်း” ရေယာဉ် ပေါ်မှ တရားမဝင်တင်ဆောင်လာသည့် ၆ တန်နီးပါးရှိ ပိတောက်ခွဲသား (၅၄)ချောင်း၊ ဆက်စပ်ပစ္စည်းများနှင့် တရားခံဟုယူဆရသူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ သစ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် သူများကို သက်ဆိုင်ရာ ရဲစခန်းတွင် သစ်တောဥပဒေပုဒ်မ၊ ၄၂(ခ)ဖြင့် တရားစွဲဆိုအရေးယူထားကြောင်းသိရသည်။