ဒုက္ခသည်စာရင်းတွင် ပါ၀င်သူများသာ ရေဘေးထောက်ပံ့ကြေးရမည်

ဒုက္ခသည်စာရင်းတွင် ပါ၀င်သူများသာ ရေဘေးထောက်ပံ့ကြေးရမည်

ပြည်၊ ဇူလိုင် ၂၅ ။                     ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ ဇူလိုင်လ ၂၄ ရက်က ထောက်ပံ့ကြေးငွေများ   ပေးအပ်ခဲ့ရာ ဒုက္ခသည်စာရင်းတွင်ပါ၀င်သူများသာ ထောက်ပံ့ကြေးငွေရရှိ ခဲ့ကြောင်းသိရသည်။

“တကယ်လိုတဲ့ လူတွေ ဒုက္ခသည်စခန်းမှာ စာရင်းပေးထားတဲ့လူတွေပဲ ရမှာပါ။ ရေဝင်တဲ့ အိမ်တိုင်းကို ပေးတာမဟုတ်ပါဘူး။ နောက်ပိုင်းတော့ ရေဝင်အိမ်တိုင်းကို ပေးဖို့ရှိတယ် ဆိုပြီး အစိုးရပိုင်းက ပြောတာရှိတယ်”ဟု နဝင်းနယ်မြေ အုပ်ချုပ်ရေးမှူး ဦးတေဇက ဆိုသည်။

ဇူလိုင် ၂၃ ရက်က ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့မှ ရေဘေးသင့်ပြည်သူများအတွက် ၃၅၀၀၇၀၀ (သုံးဆယ့်ငါးသိန်း ခုနှစ်ရာ) လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်   ပြန်လည်နေရာချထားရေးဌာနက   ထောက်ပံ့ခဲ့သည်။ နဝင်းနယ်မြေ ၀ါဆိုဘုန်းတော်ကြီး ကျောင်းမှ ရေဘေးသင့် ပြည်သူ ၃၈၀ ဦး ၊ ရွှေပလ္လင်မှော်ဘုရားတွင်နေထိုင်သည့် ရေဘေးသင့် ပြည်သူ ၂၃၃ ဦး ၊ နဝင်းတာရိုးတွင်နေထိုင်သူ   ရေဘေးသင့်ပြည်သူ ၁၀၄၀ ဦး ၊ လခုပင်ကျေးရွာ ရေဘေးသင့်ပြည်သူများအတွက် ၁၄ ဦး စုစုပေါင်း ၁၆၆၇ ဦးအတွက် လူတစ်ဦးလျှင် ၂၁၀၀ နှုန်းဖြင့် စုစုပေါင်း ၃၅၀၀၇၀၀  ဇူလိုင် ၂၄ ရက် က နဝင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက တဆင့်ပြန်လည်ပေးအပ်ခဲ့သည်။  

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့၊ နဝင်းနယ်မြေ ဖိုးခေါင်ရပ်ကွက်မှ အိမ်ခြေ ၆၇၁ လုံး ၊ မာလကာကုန်းရပ်ကွက်မှ အိမ်ခြေ ၁၂၆ လုံး ၊ ဘောဂရပ်ကွက်မှ အိမ်ခြေ ၉၁ လုံး ၊ နဝင်းမြောက် မှ အိမ်ခြေ ၂၂၁ လုံး ၊ နဝင်းလယ်မှ အိမ်ခြေ ၄၆ လုံး ၊ ရွှေပလ္လင်မှော်အောက်ချိုင့် မှ အိမ်ခြေ ၁၂၄ လုံး ၊ ၀ါရုံတာရိုးမှ အိမ်ခြေ ၂၃၇ လုံး စုစုပေါင်း အိမ်ခြေ ၁၅၁၆ လုံးရေနစ်မြုှပ်ခဲ့သည်။

ရေဝင်အိမ်တိုင်းကို ထောက်ပံ့မည်ဆိုပါက လူဦးရေ ၆ ထောင် ကျော် မည်ဖြစ်သော်လည်း ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်သည့် ဒုက္ခသည်စာရင်းအရ ၁၆၆၇ ဦးသာ ထောက်ပံ့ကြေးပေးအပ်ခဲ့ရာ  အငြင်းပွားမှု များရှိနေသည်ဟုသိရသည်။

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် ဇူလိုင်လ ၂၄ ရက်က ရေဘေးသင့် ပြည်သူများအား ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာနမှ ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့ရာ ရေဝင် အိမ်အားလုံး ထောက်ပံ့ကြေးမရခဲ့ဘဲ ဒုက္ခသည်စာရင်းတွင်ပါ၀င်သူများသာ ထောက်ပံ့ကြေးငွေရရှိခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly