ပခုက္ကူတွင် မြစ်ထဲပြိုကျခဲ့သည့်စေတီကို ဦးသိန်းစိန် ပြန်လည် တည်ပေးမည်

ပခုက္ကူတွင် မြစ်ထဲပြိုကျခဲ့သည့်စေတီကို ဦးသိန်းစိန် ပြန်လည် တည်ပေးမည်

ရန်ကုန် ဇူလိုင် ၂၅ ။                         ။ ဧရာဝတီမြစ်ရေတက်၍ ရေထဲသို့ ပြိုကျခဲ့သော ပခုက္ကူမြို့နယ် ၊ အနောက်သီရိကျေးရွာမှ သီရိရတနာ ပြည်လုံးချမ်းသာစေတီတော်ကို  နိုင်ငံတော်သမ္မတ(ဟောင်း) ဦးသိန်းစိန်က မူလအတိုင်း ပြန်လည်တည်ထားပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းစေတီသည် ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ ညနေပိုင်းက မြစ်ထဲသို့ ပြိုကျခဲ့ခြင်းဖြစ်ပြီး ဦးသိန်းစိန်က စေတီပြန်တည်ပေးမည့်အကြောင်းကို ရွှေပြည်တော်ဆုံမှတ်ပရဟိတအဖွဲ့့မှ ဦးအောင်ပိုင်မင်းက မဇ္စျိမသို့ အတည်ပြုပေးခဲ့သည်။

"ကျွန်တော်တို့ အနောက်သီရိကျေးရွာကိုသွားတော့ ဆရာတော်နဲ့ တွေ့ဆုံလျှောက်ထားမှုတွေကို အဘကြီး(ဦးသိန်းစိန်)က မေးလို့  ပြန်ပြောပြပါတယ်။အဲဒီနောက် ဆရာတော်ထံ ဝါဆိုသင်္ကန်း လှူပါတယ်။ပြီးတော့Facebook ပေါ်တင်ထားတဲ့အတိုင်း အဘကြီးက အမှာစာအတိုင်း လျှောက်ထားပါတယ်။အကြိမ်ကြိမ် ပြိုမယ့်နေရာမှာ မတည်ဘဲ နေရာကောင်းတဲ့နေရာမှာ ပွင့်လင်းရာသီ   ရောက်တာနဲ့ပြန်တည်ပေးပါ့မယ်လို့လျှောက်ထားခဲ့ပါတယ်"ဟု ကိုအောင်ပိုင်မင်း ကမဇ္စျိမကို ပြောသည်။

အဆိုပါစေတီကို ယင်း၌ မတည်ထားတော့ဘဲ လာမည့် ပွင့်လင်းရာသီတွင် မပြိုကျနိုင်သောနေရာသို့ ပြောင်းရွှေ့တည် ထားမည် ဖြစ်သည်။

ဦးသိန်းစိန်၏လျှောက်ထားမှုနဲ့ ပတ်သက်ပြီး ဦးအောင်မင်းပိုင်က Facebook တင်ထားရာတွင်

"ဘဒ္ဒန္တ ဝေပုလ္လ အရှင်သူမြတ်ဘုရားဘုရားတပည့်တော် ဦးသိန်းစိန် ရိုသေစွာ လျှောက်ကြားအပ်ပါ သည်။၂၀.၇.၂၀၁၇ ရက်နေ့က အရှင်သူမြတ်၏ ကျောင်းတိုက်အတွင်းမှ သီရိရတနာ ပြည်လုံးချမ်းသာ   စေတီတော်သည် ဧရာဝတီမြစ်ရေခပြီး ပြိုလဲတော်မူရသည့်အကြောင်းကိုလည်းကောင်း၊ သာသနာ့ဝေပုလ္လကျောင်းတိုက်သည်လည်း ဧရာဝတီမြစ်ရေဒဏ်ကို စိုးရိမ်နေရသည့် အကြောင်းကို လည်းကောင်း  သိရပါသဖြင့် အရှင်သူမြတ်နှင့်ထပ်တူ စိတ်မချမ်းမသာဖြစ်ရပါကြောင်း လျှောက်ထားလိုပါသည်။သဘာဝဘေးဒဏ်ဖြစ်သည့်အလျောက် ရှောင်လွှဲ၍မရသည့်အားလျော်စွာ ကြံုတွေ့ရခြင်းအပေါ် အားငယ်တော်မမူပါရန်လည်း လျှောက်ကြားလိုပါသည်။ မိုးလေကင်းရှင်း သည့်အခါ ဘုရားတပည့်တော်မိသားစုမှ သီရိရတနာ ပြည်လုံးချမ်းသာ စေတီတော်သစ်ကို အသစ်ပကတိ ပြန်လည်တည်ထားပေးမည်ဖြစ်ပါကြောင်းနှင့် ခိုင်မာမြဲမြံသောနေရာကိုသာ ရှာဖွေစီစဉ်ထားစေလိုပါကြောင်း ရိုသေစွာလျှောက်ထားအပ်ပါသည်။အရှင်သူမြတ် ကျန်းမာစွာဖြင့် သာသနာ့ဝန်ကို သက်တော်ရာကျော်တိုင် ထမ်းဆောင်နိုင်ပါစေ "ဟု ရေးသားဖော်ပြထားသည်။

ယခုနှစ်မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်၌ မုတ်သုန်လေအား အလွန်ကောင်းနေပြီး တိုင်းနှင့်ပြည်နယ် ဒေသကြီး  ၅ ခုတွင်  ရေဖုံးလွှမ်းမှု ခံရနိုင်ခြေ မြင့်မားနေကြောင်း မိုးလေဝသပညာရှင်   ဒေါက်တာထွန်းလွင်က ခန့်မှန်းထားသည်။ ပြီးခဲ့သည့်နှစ်တွင် ရေလွှမ်းမိုးမှုနှင့်အတူ နောက်ဆက်တွဲမြေပြိုမှုများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly