ဂျေရုဆလင်၊ ဇူလိုင် ၂၅ ။ ။ အစ္စရေးက အသေအကျေများသော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် လုံခြံုရေးနည်းလမ်းသစ်များအဖြစ် ဂျေရုဆလင်ရှိ မွတ်စလင်များ အထွဋ်အမြတ်ထားရာ ဗလီတွင် တပ်ဆင်ထားရှိသော သတ္တုရှာဖွေရေးကိရိယာများကို ရေရှည်အသုံးပြုထားရှိမည် မဟုတ်ကြောင်း ပြောဆိုလျက် ဇူလိုင် ၂၅ ရက် အရုဏ်တက်အချိန်တွင် ပြန်လည်ဖြုတ်သိမ်းပေးလိုက်ပြီဖြစ်သည်။
ထိုသို့ Al-Aqsa ဗလီတွင် သတ္တုရှာဖွေရေးကိရိယာများ ထားရှိခြင်းသည် အစ္စရေးနှင့် ပါလက်စတိုင်းကို ပိုဝေးကွာစေလိမ့်မည်ဟု သတိပေးလျက် နိုင်ငံတကာက သံတမန်နည်းလမ်းအားဖြင့် မတည်မငြိမ်ဖြစ်နေမှု ရပ်တန့်အောင် ကြားဝင်ကြိုးစားပေးရာမှ အစ္စရေးက ယခုကဲ့သို့ ပြန်လည်ဖြုတ်သိမ်းလိုက်ခြင်းဖြစ်သည်။
ဗလီအဝင်ပေါက်က သတ္တုရှာဖွေရေးကိရိယာများကို ဇူလိုင် ၂၅ ရက် လင်းစအချိန်တွင် ပြန်လည်ဖြုတ်သိမ်းနေသော အဖွဲ့အား မြင်တွေ့ရကြောင်း အေအက်ဖ်ပီသတင်းထောက်က ပြောသည်။
ခရစ္စယာန်၊ ဂျူးနှင့် အစ္စလာမ်ဘာသာကြီးသုံးရပ် နှစ်ပေါင်းထောင်ချီကာ အထွဋ်အမြတ်ထားသော ဂျေရုဆလင်မြို့ဟောင်းရှိ Temple Mount မြင့်မြတ်နယ်မြေတွင် တိုက်ခိုက်မှုဖြစ်၍ ရဲနှစ်ဦး သေဆုံးခဲ့ရာမှ အဆိုပါ ဗလီအား ပိတ်ထားခဲ့သည်။
ဇူလိုင် ၁၆ ရက်တွင် အစ္စရေးတို့က ပြန်လည်ဖွင့်လှစ်ပေးသော်လည်း လုံခြံုရေးသစ်များ ချမှတ်တင်းကြပ်ကာ သတ္တုရှာဖွေရေးကိရိယာများ ဗလီတွင် တပ်ဆင်ထားရှိလာခြင်းဖြစ်သည်။
ထိုလုပ်ရပ်ကို လက်သင့်မခံ မကျေနပ်ကြသော မွတ်စလင်များက ဗလီအတွင်း မဝင်ရောက်ကြဘဲ အပြင်ဖက်မှာပင် ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်နေရာ မတည်ငြိမ်မှုများ ဖြစ်ပွားနေခဲ့ခြင်းဖြစ်သည်။