မန္တလေးတိုင်းအတွင်းရှိ ဆေးယဉ်ပါး တီဘီလူနာများကို တစ်လ ကျပ်သုံးသောင်းထောက်ပံ့

မန္တလေးတိုင်းအတွင်းရှိ ဆေးယဉ်ပါး တီဘီလူနာများကို တစ်လ ကျပ်သုံးသောင်းထောက်ပံ့
ပုသိမ်ကြီးမြို့နယ် တီဘီရောဂါကုဆေးရုံ၌ ATM စက်ထားရှိပေးခြင်းအခမ်း၊အနားပြုလုပ်စဉ်။ ဓါတ်ပုံ - အောင်ကိုဦး

မန္တလေး၊ သြဂုတ် ၇ ။          ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဆေးယဉ်ပါး တီဘီလူနာများကို  The Three Millennium Development Goal Fund (3MDG) က တစ်လ သုံးသောင်း ကျပ်ထောက်ပံ့ မည် ဖြစ်ပြီး  သြဂုတ် ၇ ရက်မှစတင်၍ ပုသိမ်ကြီးမြို့နယ်ရှိ အထက်မြန်မာပြည် တီဘီတိုက်ဖျက်ရေးဌာန၊တီဘီဆေးရုံကြီးတွင် Automated Teller Machine (ATM)စက်မှ လူနာများကိုယ်တိုင် ထုတ်ယူနိုင် ရန် ဆောင်ရွက်ပေးထား သည်ဟု တီဘီဆေးရုံအုပ်ကြီး ဒေါက်တာစောထွန်း က မဇ္ဈိမ ကိုပြောသည်။

ဒေါက်တာစောထွန်းက  “အကျုံးဝင်တဲ့လူနာတွေကတော့ အခု ၂၀၁၅ မှာဖြစ်တဲ့လူနာတွေပါ။ ကျန်တဲ့လူနာတွေကတော့ တစ်ခြား အဖွဲ့တွေက ထောက်ပံ့တာတွေရှိပါတယ်။ ဒီဆေးရုံမှာ လာပြရင်းနဲ့ တစ်ခါ တည်းငွေကို ထုတ်လို့ရပါတယ်။ ATMကဒ်လုပ်ဖို့ကတော့ သူတို့မှာ မှတ်ပုံတင်ရှိဖို့လိုအပ်ပါတယ်။”ဟု ပြောသည်။

ယင်းသို့ ထောက်ပံ့ပေးခြင်းမှာ  3MDG က မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၅၀ကျော်ရှိ  ဆေးယဉ်ပါး တီဘီ ရောဂါဖြစ်ပွား နေသူ လူနာများလိုအပ်သည့်အခါအသုံးပြုနိုင်ရန် ကူညီထောက်ပံ့ပေးခြင်းဖြစ်သည်။ ထိုသို့ကူညီထောက်ပံံ့နိုင်ရန်အတွက် KBZ ဘဏ်က  ATM စက်ကို တီဘီဆေးရုံတွင် ထားရှိပေးခြင်းဖြစ်သည်။

3MDG မှ အကြီးတန်းပြည်သူ့ကျန်းမာရေး အရာရှိ ဒေါက်တာအေးယုစိုး က “လူနာတွေအနေနဲ့ ဆေးရုံမှာမ ထုတ်ချင်ဘူးဆိုလည်း KBZ ဘဏ်တွေရဲ့ ATM စက်ရှိတဲ့နေရာတိုင်းမှာ ထုတ်ယူ လို့ရပါတယ်။ ကျွန်မတို့အနေနဲ့ုKBZဘဏ်နဲ့ချိတ်ဆက်ထားပါတယ်။ “ဟုပြောသည်။

ယင်းကဲ့သို့ ငွေကြေး  ထောက်ပံ့ပေးခြင်းအတွက် လာရောက်ပြသည့် ခရီးစရိတ်များ အဆင်ပြေသွားသည်ဟုလည်း ဆေးယဉ်ပါးတီဘီလူနာတစ်ဦးဖြစ်သူ ကိုဝင်းထွန်း က ဆိုသည်။ ၎င်းက “ ကျွန်တော် ဆိုရင်တောင်သာကလာရတယ်။တစ်လတစ်ခါ ဒီကိုလာပြဖို့ အတော်ကြိုးစား ရတယ်။ အခုတော့ပူစရာမလိုတော့ဘူး။ ကဒ်လည်းလုပ်ပြီး သွားပြီ ငွေတော့မထုတ်တတ် သေးဘူး။သင်ပေးမယ်လို့ပြောတယ်။ “ဟုပြောသည်။

KBZ ဘဏ်မှာတာဝန်ရှိသူတစ်ဦးကလည်း “ကျွန်တော်တို့စီက ဘဏ်ဝန်ထမ်းတွေက ငွေထုတ် နည်းကိုပြပေးသွားမယ်။ဒီဆေးရုံက ဆရာ၊ဆရာမတွေကလည်း ကူညီကြည့်ပေးသွား ကြမှာပါ။နောက် ဆိုရင်တော့ အ ဆင်ပြေသွားမှာပါ။ “ဟုပြောသည်။

တီဘီဆေးရုံတွင် ATM စက်ထားရှိခြင်းဖွင့်ပွဲအခမ်းအနားအား အဆိုပါဆေးရုံတွင် သြဂုတ်လ ၇ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly