ရန်ကုန်၊ဇူလိုင်၂၁ ။ ။ ယာဉ်နောက်လိုက်များအနေဖြင့် ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခြင်းအပါအဝင် တခြားသောအလုပ်ကိုင်အခွင့်အ လမ်းများစွာရှိကြောင်း ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင် အဖွဲ့မှ ဒေါက်တာမောင်အောင်ကပြောသည်။
"လက်မှတ်စနစ်တွေ ဖြစ်လာရင် နောက်ဆုံးလက်မှတ်ရောင်းတာ ငွေအကြွေလဲတာ ကားအောက်မှာ လုပ်ရမယ့် အလုပ်တွေပေါ့နော် ။ အခုဆိုသန့်ရှင်းရေးပိုင်း ၊ ကုမ္ပဏီက ကားအသစ်တွေဖြစ်တော့ ဒါမျိုးတွေလုပ်ရမှာ။ တချို့စပယ်ယာတွေက ကားမောင်းတတ်တယ်ပေါ့နော်။ ခ လိုင်စင်ရှိရင် ကျွန်တော်တို့ Training လာတက်ပေါ့ ။ နောက်ပိုင်းကားအသစ်တွေ မောင်းခွင့်ပေးမှာပါ"ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင် အဖွဲ့မှ ဒေါက်တာမောင်အောင်ကဆိုသည်။
သို့ရာတွင် ယခင်စိတ်ဓာတ်မျိုးနဲ့ အလုပ် လုပ်ကိုင်လျှင် ပြန်လည်လက်ခံမည် မဟုတ်ကြောင်း ပြည်သူ့ ဝန်ဆောင်မှုပေးမည်ဟု သဘောထားသင့်ကြောင်း ဒေါက်တာမောင်အောင်က ဆိုသည်။
ယာဉ်နောက်လိုက်များအနေဖြင့် ကားမောင်းသင်ခြင်း၊ လိုင်းတွင် ၀န်ထမ်းအဖြစ် လုပ်ကိုင်ခြင်း၊ ၀န်ဆောင်မှုပေး ၀န်ထမ်းအဖြစ် လုပ်ကိုင်ရန် မေးမြန်းကြောင်း Power Eleven အများပိုင်ကုမ္ပဏီမှ ယာဉ်လိုင်း ပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။
"သူတို့လုပ်ကိုင်နေတဲ့ယာဉ်လိုင်းတွေရဲ့ စီမံခန့်ခွဲမှုအပေါ်မှာမူတည်တယ် ။ ကျွန်တော်တို့ လိုင်း မှာဆိုရင် ယာဉ်နောက်လိုက်ကတော့ အများကြီးတော့မရှိဘူး ။ ၆ ယောက်ပဲရှိတယ် ။ ခေါ်ပြီးဆွေးနွေးတယ်။ တစ်အချက် ကားမောင်းသင်မလား။ နှစ်အချက် လိုင်းတွေမှာဝန်ထမ်းအနေနဲ့လုပ်မလား။ သုံးအချက်ဝန်ဆောင်မှုပေးတဲ့ဝန်ထမ်းတွေလုပ်မလား စပယ်ယာဆိုတာတော့ ဖျောက်ကိုဖျောက်ရမှာ"ဟု Power Eleven အများပိုင်ကုမ္ပဏီမှ ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။
ယမန်နေ့ ဇူလိုင်လ ၂၀ ရက်၊ မနက် ၈ နာရီခန့်မှစတင်ကာ YBS ၂၃၊ YBS ၆၊ YBS ၄၀၊ YBS ၃၉၊ YBS ရ၉၊ YBS ၄၂ စုစုပေါင်း ယာဉ်လိုင်း ၆ ခု ခန့်မှ ယာဉ်နောက်လိုက်များကို အလုပ်ပြန်ခန့်ထားပေး ရန် ယာဉ်လုပ်သား အင်အား၄၀၀ ခန့် ရွှေပြည်သာမြို့နယ်၊ ယာဉ်လိုင်းအမှတ်(၄၀)ကားဂိတ်၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
"စပယ်ယာမပါတာကိုကြိုက်တယ် တစ်အချက်က စပယ်ယာတွေခိုးလို့ ကုန်ကျစရိတ်တွေလျော့သွားမယ် နှစ်အချက်ကစပယ်ယာနဲခရီးသည်ပြဿနာမရှိတော့ဘူး ဒါကကောင်းတဲ့အချက်"ဟု YBS စီးနင်းသူ အငြိမ်းစားအင်ဂျင်နီယာတစ်ဦးက ဆိုသည်။
ဇူလိုင်လ ၂၀ရက် နောက်ဆုံးထားပြီး ယာဉ်နောက်လိုက် မပါဝင်စေဘဲ ပုံးစနစ်ဖြင့် သာ ယာဉ်စီးခကောက်ခံရန် YRTAက ဇူလိုင်၁၅ရက်နေ့၌ ညွှန်ကြားခဲ့ပြီး ပုံတပ်ဆင်မှု မပြီးသေးသောကြောင့် အချို့ယာဉ်လိုင်းများက ယာဉ်နောက်လိုက်များ ပါရှိနေဆဲဖြစ်ကာ YRTA မှ ဇူလိုင်လကုန်နောက်ဆုံးဟု ညွှန်ကြားထားသည်။