နန်းသက်အတွင်း ဗြိတိန်ဘုရင်မကြီး လက်ဆောင်ရထားခဲဲ့့တဲ့ အမှတ်တရပစ္စည်းတွေကို အများပြည်သူကြည့်ရှုနိုင်ရန် ခင်းကျင်းပြသ

နန်းသက်အတွင်း ဗြိတိန်ဘုရင်မကြီး လက်ဆောင်ရထားခဲဲ့့တဲ့ အမှတ်တရပစ္စည်းတွေကို အများပြည်သူကြည့်ရှုနိုင်ရန် ခင်းကျင်းပြသ

ဇူလိုင် ၂၁ ။                     ။ ဗြိတိန်ဘုရင်မကြီး Elizabeth ll ကမ္ဘာ့နိုင်ငံခေါင်းဆောင်ကြီးတွေဆီကနေ ရရှိထားခဲ့တဲ့ အမျိုးမျိုးသော လက်ဆောင်ပဏ္ဍာပစ္စည်းတွေကို ယခုအခါ ဘက်ကင်ဟမ်နန်းတော်မှာ  အများပြည်သူကြည့်ရှုလို့ရအောင် ခင်းကျင်းပြသပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။

မြင်ရခဲတဲ့ အဆိုပါ လက်ဆောင်ပစ္စည်းအစုအဝေးထဲမှာဆိုရင် နယ်လ်ဆင် မင်ဒဲလား နဲ့ ဂျွန် အက်ဖ် ကနေဒီတို့လို ထင်ရှားတဲ့ ပုဂ္ဂိုလ်မျိုးတွေဆီကနေ ရရှိခဲ့တဲ့ ပစ္စည်းတွေလဲ ပါ၀င်နေပါတယ်။

လေ့လာမှတ်သားလို့ ကောင်းမယ့် ယင်းလက်ဆောင်ပစ္စည်းပေါင်း ၂၀၀ ကျော်ကိုတော့ ဇူလိုင် ၂၂ ရက်ကနေ စပြီး ခင်းကျင်းပြသပေးထားမှာဖြစ်ပြီး လာရောက်ကြည့်ရှုသူတွေအနေနဲ့တော့ အသက် ၉၁ နှစ်ရှိပြီဖြစ်တဲ့ ဘုရင်မကြီးနဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေနဲ့ အကြား တွေ့ဆုံထားခဲ့မှုသမိုင်းကြောင်းနဲ့အတူ ကမ္ဘာ့နေရာအနှံ့အပြားကနေ စုဝေးပေါင်းစုံလာတဲ့ လက်ရာအမျိုးမျိုးတို့ကိုပါ အမှတ်တရ ပြန်ပြောင်းခံစားလို့ရစေနိုင်မှာဖြစ်ပါတယ်။

၁၉၅၂ ခုနှစ်ကစပြီး ထီးနန်းဆက်ခံလာခဲ့တဲ့ Elizabeth ဘုရင်မကြီးဟာဆိုရင် သူမရဲ့ နန်းသက်အတွင်း ကမ္ဘာ့အနှံ့အပြား ခရီးမိုင်ပေါင်း ၁ သန်း ကျော်ထိ လှည့်လည်သွားခဲ့သူဖြစ်ပြီး နိုင်ငံရပ်ခြား ခရီးစဉ် ၈၉ ခုထိသွားလာခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ဗြိတိန်ကို လာရောက်တဲ့ နိုင်ငံတကာခေါင်းဆောင်ပေါင်း ၁၀၀ ကျော်ကိုလည်း လက်ခံတွေ့ဆုံထားခဲ့သူလည်း ဖြစ်ပါတယ်။

" ဘုရင်မကြီးနဲ့ နိုင်ငံခေါင်းဆောင်တွေအကြား တွေ့ဆုံမှုတွေမှာ အထူးပြောစရာရှိတာကတော့ လက်ဆောင်ပစ္စည်းတွေ အပြန်အလှန် လဲလှယ်တာပါပဲ" လို့ အဆိုပါ ပြပွဲရဲ့ တာဝန်ခံ လက်ထောက် ပြတိုက်မှူး Sally Goodsir က ပြောပါတယ်။

ဘုရင်မကြီးနဲ့ နိုင်ငံခေါင်းဆောင်ကြီးတွေအကြား တွေ့ဆုံမှုအတွင်း အပြန်အလှန် လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံတွေ ဖလှယ်ခဲ့တာတွေလည်း ရှိပါတယ်။

၁၉၆၁ ခုနှစ်တုန်းက အမေရိကန် သမ္မတ ဂျွန်အက်ဖ် ကနေဒီ နဲ့ ဇနီးဖြစ်သူ တို့ကို ဘက်ကင်ဟမ် နန်းတော်မှာ ညစာဖိတ်ကျွေးခဲ့စဉ်က သမ္မတကနေဒီက တော်ဝင်ညစာအပေါ် ချီးကျူးတန်ဖိုးထားကြောင်း ရေးသားပေးခဲ့တဲ့ လက်ရေးမူတစ်ခုလည်း ယခုပြသတဲ့ ပစ္စည်းတွေထဲမှာ ပါ၀င်နေပါတယ်။

အလားတူ တောင်အာဖရိက သမ္မတ  မင်ဒဲလား ဘုရင်မကြီးနဲ့ တွေ့ဆုံစဉ်က လက်ဆောက်ပေးထားခဲ့တဲ့ ပိုးတွဲပုဝါတစ်ထည်ကိုလည်း ယခုပြသတဲ့ ပစ္စည်းတွေမှာ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly