လပေါ်သို့သွားစဉ် နီးလ် အမ်းစထရောင်း ယူသွားခဲ့သည့် အိတ် ဒေါ်လာ ၁ ဒသမ ၈ သန်းဖြင့် လေလံတင်ရောင်းချ

လပေါ်သို့သွားစဉ် နီးလ် အမ်းစထရောင်း ယူသွားခဲ့သည့် အိတ် ဒေါ်လာ ၁ ဒသမ ၈ သန်းဖြင့် လေလံတင်ရောင်းချ

ဇူလိုင် ၂၁ ။                        ။ အမေရိကန် အာကာသယာဉ်မှူး နီးလ် အမ်စထရောင်း လပေါ်သို့  သွားစဉ်က တစ်ပါတည်း ယူဆောင်သွားခဲ့သည့် အိတ်တစ်လုံးကို ယခုအခါ နယူးယော့ခ် လေလံပွဲတစ်ခုတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်းဖြင့် ရောင်းချခဲ့ရကြောင်း လေလံကုမ္ပဏီ Sotheby's ထံမှ သိရသည်။

လကမ္ဘာပေါ်သို့ ပထမဆုံးခြေချခဲ့သည့် နီးလ် အမ်စထရောင်း လပေါ်က တွေ့ရှိရသမျှအရာများကို နမူနာယူပြီး ထည့်လာခဲ့သည့် ယင်းအိတ်မှာ တစ်ခါက အမှိုက်သရိုက်များနှင့်အတူ   ရောထွေးစွန့်ပစ်ခံရလုနီးပါး အခြေအနေထိပင် ရောက်ရှိခဲ့သည်ဟုလည်း သိရသည်။

ရေဒီယိုသတ္ထိကြွပစ္စည်းများကို ဖယ်ရှားနိုင်ရန် ဖန်တီးထုတ်လုပ်ထားသည့် ယင်းအိတ်မှာ Apollo 11 အာကာသယာဉ်နှင့်အတူ လပေါ်သို့ ပါရှိသွားခဲ့ပြီး ယခုထက်ထိလည်း အိတ်တွင်း၌ လပေါ်မှ ဖုံမှုန့်များနှင့် ကျောက်ခဲအသေး အကြွင်းအကျန်များ ရှိနေဆဲဖြစ်သည်။

၁၉၆၉ ခုနှစ် လကမ္ဘာပေါ်သို့ ပထမဆုံးဆင်းသက်နိုင်ခဲ့သည့် သမိုင်းဝင်ဖြစ်ရပ်  ၄၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ အဆိုပါအိတ်ကို လေလံတင်ရောင်းချခဲ့ခြင်း ဖြစ်သည်။

ယခု လေလံပွဲတွင် အဆိုပါ အိတ်အတွက် ငါးမိနစ်ကြာ လေလံဆွဲခဲ့ပြီးနောက် နာမည်မသိရသည့် ၀ယ်သူတစ်ဦးက ဖုန်းဆက်ဝယ်ယူသွားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းအိတ်၏ ယခင်ပိုင်ရှင်မှာ lllinois ပြည်နယ်မှ ရှေ့နေတစ်ဦးဖြစ်ကာ  ၎င်းက အဆိုပါအိတ်ကို ၂၀၁၅ ခုနှစ်က ၉၉၅ ဒေါ်လာဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။

ကွယ်လွန်သွားခဲ့ပြီဖြစ်သော အမေရိကန် အာကာသသူရဲကောင်း နီးလ် အမ်စထရောင်းသည် ၁၉၆၉ ခုနှစ် ဇူလိုင်လက Apollo 11 အာကာသယာဉ်နှင့်အတူ လပေါ်သို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။ အမ်စထရောင်းနှင့် အာကာသယာဉ်မှူး ဘက်ဇ် အော်ဒရင် တို့သည် လ မျက်နှာပြင်ပေါ်တွင် ဆင်းသက်လမ်းလျှောက်ခဲ့ကြပြီး အာကသာယာဉ်အပြင်ဘက်၌ နှစ်နာရီခွဲကြာ ရှိနေခဲ့ကြသည်ဟုလည်း သိရသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly