စစ်ပွဲဖြစ်ပွားနေသည့် နယ်မြေအတွင်းသို့ ဒူတာတေး ရုတ်တရက်သွားရောက်လည်ပတ်

စစ်ပွဲဖြစ်ပွားနေသည့် နယ်မြေအတွင်းသို့ ဒူတာတေး ရုတ်တရက်သွားရောက်လည်ပတ်

မနီလာ၊ ဖိလစ်ပိုင် ဇူလိုင် ၂၁ ။                    ။ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးသည် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့နှင့် ပက်သက်နေသော စစ်သွေးကြွများနှင့် ဖိလစ်ပိုင်စစ်သားများကြား၌ စစ်မက်ဖြစ်ပွားနေသည့် မာရာဝီမြို့သို့ ကြာသာပတေးနေ့က ရုတ်တရက် သွားရောက်လည်ပတ်ခဲ့သည်။

အသက်ပေါင်း ၅၀၀ခန့် ဆုံးရှုံးခဲ့ရသော နှစ်လနီးပါးခန့် ဖြစ်ပွားနေသည့် စစ်ပွဲအတွင်းရှိ တပ်သားများကို ထောက်ပံ့အားပေးရန်အတွက် ဒူတာတေးသည် ဒေသတွင်းရှိ စစ်ဌာနချုပ်သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ သည်။

“ သူဟာ သူ့ရဲ့ သူရသတ္တိကို တကယ့်ကိုပြသလိုက်တာပါပဲ။ မာရာဝီမြို့တွင်းမှာ တိုက်ခိုက်နေတဲ့ ကျနော်တို့ရဲ့ စစ်သားတွေကို သူထောက်ခံအားပေးကြောင်း ပြသလိုက်တာပါ” ဟု စစ်တပ်မှပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး ဂျိုအာဟာရဲရားက ပြောခဲ့သည်။

“ဒါဟာ မာရာဝီမြို့တွင်းမှာရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီး တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို မြှင့်တင်ပေး လိုက်တာပါပဲ” ဟု ဟာရဲရားက ဆက်ပြောခဲ့သည်။

ပြောက်ကျားစစ်ယူနီဖောင်းကို ၀တ်ဆင်ထားသော ဒူတာတေးက စစ်သားများကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နာရီများနှင့် အခြားလက်ဆောင်များကို စစ်သားများအား ပေးအပ်ခဲ့ကြောင်း ဟာရဲရားက ဖြည့်စွက်ပြောကြားခဲ့သည်။

မေလ ၂၃ရက်နေ့ကတည်းက တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သော ဖိလစ်ပိုင်တောင်ပိုင်း၌ စစ်ဥပေဒထုတ်ပြန်ရန် ကြေညာခဲ့သော သမ္မတဒူတာတေးသည် စစ်စခန်းအတွင်း၌ နေထိုင်ခဲ့ပြီး စစ်သွေးကြွများထံမှ သိမ်းဆည်းရမိ သည့် စစ်လက်နက်များကို မပြန်ခင်တွင် စစ်ဆေးကြည့်ရှုခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆက်ပြောခဲ့သည်။

မွတ်စလင်အများစုနေထိုင်ရာ မာရာဝီမြို့၌ ဖြစ်ပွားနေသော တိုက်ပွဲများသည် ဒူတာတေးရင်ဆိုင်နေရသည့် အကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေသည်။

သမ္မတကြီး ဒူတာတေးက စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်အံတုရန် ယခုနှစ်ကုန်အထိ ဖိလစ်ပိုင် တောင်ပိုင်း၌ စစ်ဥပေဒထုတ်ပြန်ခွင့်ပေးရန် ဥပဒေပြုလွှတ်တော်အမတ်များကို   တောင်းဆိုထားသော်လည်း ဝေဖန်သူများက ထိုအမိန့်သည် နိုင်ငံကို စစ်အာဏာရှင်လက်အောက်သို့ ပြန်လည်ကျရောက်သွားစေနိုင် ကြောင်း ပြောဆိုခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly