တရားခံဖက်သက်သေ နောက်ဆုံးကြားနာမှုအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် တရားရုံးလာရောက်

တရားခံဖက်သက်သေ နောက်ဆုံးကြားနာမှုအတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် တရားရုံးလာရောက်

ဘန်ကောက်၊ ဇူလိုင် ၂၁ ။                   ။ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်၏ အမှုတွင် ဇူလိုင် ၂၁ ရက်၌ တရားခံဖက်သက်သေ နောက်ဆုံးကြားနာရာ တရားရုံးသို့ ယင်လပ် လာရောက်ခဲ့သည်။

ယင်လပ်အစိုးရ လက်ထက်က ဆန်စပါးအမတော်ကြေး အစီအစဉ်နှင့် ပတ်သက်ပြီး တာဝန်အလွဲသုံးစားပြု လစ်ဟင်းသည်ဆိုကာ ရေရှည်တရားရုံးစစ်ဆေးကြားနာမှုအား ယင်လပ်က ရင်ဆိုင်နေရခြင်းဖြစ်သည်။

ယခု တရားရုံးသို့ လာရောက်ချိန်တွင် ၄င်းအား ထောက်ခံသူများက တရားရုံးရှေ့တွင် ပန်းစည်းများ ပေးအပ်ကြသကဲ့သို့ ယင်လပ်ကလည်း မျက်ရည်စို့စို့ဖြင့် ပြန်လည်နှုတ်ဆက်သည်။

လက်ရှိ ဝန်ကြီးချုပ် ချန်အိုချာက ယင်လပ်အား ထောက်ခံကြသူများကို မတည်ငြိမ်မှုဖြစ်အောင် နှိုးဆွခြင်း မလုပ်ကြရန် တင်းတင်းမာမာ သတိပေးချက် ထုတ်လိုက်သည်။

ယင်လပ်အစိုးရ လက်ထက်တွင် လယ်သမားများအား ကူညီပေးရေးအဖြစ် ဆန်စပါးအမတော်ကြေးအစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။

ယင်းအစီအစဉ်အားဖြင့် အစိုးရက စျေးကွက်ပေါက်စျေးထက် ပိုပေးကာ ဆန်စပါးအား လယ်သမားများထံမှ ဝယ်ယူသိုလှောင်ခဲ့သည်။

ယင်းသို့ ဝယ်ယူသိုလှောင်ခဲ့ခြင်းကြောင့် စပါးစျေး မငြိမ်မသက်ဖြစ်ခဲ့သလို သိုလှောင်ဆန်များ တန်ချိန် သန်းနှင့်ချီ ရှိနေခဲ့ရာ ယခုအစိုးရလက်ထက်တွင် ယင်းကို ရှင်းလင်းနိုင်ရေးအတွက် လေလံတင်ရောင်းချခြင်းများ လုပ်ဆောင်နေရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly