ပြည်သူကို နှိပ်စက်ညှင်းပန်းသော ဗီဒီယိုများ ပျံ့နှံ့သွားသည့် တော်ဝင်မင်းသားအား ဆော်ဒီဘုရင်အမိန့်ဖြင့် ဖမ်းဆီးအကျဉ်းချ

ပြည်သူကို နှိပ်စက်ညှင်းပန်းသော ဗီဒီယိုများ ပျံ့နှံ့သွားသည့် တော်ဝင်မင်းသားအား ဆော်ဒီဘုရင်အမိန့်ဖြင့် ဖမ်းဆီးအကျဉ်းချ

ရီယတ်၊ ဇူလိုင် ၂၁ ။                          ။ ပြည်သူတစ်ချို့ကို နှိပ်စက်ညှင်းပန်းနေသည့် ဆော်ဒီအာရေဗျမင်းသားတစ်ပါး၏ ဗီဒီယို လူမှုမီဒီယာတွင် ပျံ့နှံ့သွားရာမှ ပြည်သူတို့၏ အမျက်ဒေါသများ ကြီးထွားလာခြင်းကြောင့် ၎င်းမင်းသားအား ဆော်ဒီဘုရင်အမိန့်ဖြင့် ဇူလိုင် ၂၀ ရက်တွင် ဖမ်းဆီးထားကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

ဆော်ဒီအာရေဗျနိုင်ငံ တည်ထောင်သူ၏ အဆက်အနွယ် မင်းသား ဆာအူးအား ဘုရင်ဆာလမန်က ချက်ချင်းဖမ်းဆီးအကျဉ်းချရန် ဝါရမ်းထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

ယူကျု့တွင် ပျံ့နှံ့သည့် နှိပ်စက်သမူပြုနေသော ဗီဒီယိုများတွင် မင်းသားနှင့်အတူ ပါဝင်ခဲ့သူများကိုပါ ဖမ်းဆီးထားကြောင်း Al-Ikhbariya ရုပ်မြင်သံကြားက ဖော်ပြသည်။

တော်ဝင်မိသားစုဝင် ထောင်ပေါင်းများစွာမှ တစ်ဦးဖြစ်သူ မင်းသားဆာအူးအား နေအိမ်မှ လက်ထိပ်ခတ်ကာ ရဲများခြံရံခေါ်ဆောင်သွားပုံ ဗီဒီယိုဖိုင်တစ်ခုလည်း လူမှုမီဒီယာတွင် ပျံ့နှံ့နေသည်။

ပြည်သူများနှင့် နိုင်ငံခြားသားများအပေါ် ကိုယ်ရောနှုတ်ရော စော်ကားကျုးလွန်ထားသည့် ဗီဒီယိုတွင် မင်းသားဆာအူး၏ မျက်နှာကို သဲသဲကွဲကွဲတွေ့ရပြီး ယင်းဗီဒီယိုက ဇူလိုင် ၁၉ ရက်တွင် တွစ်တာမှတစ်ဆင့် ပျံ့နှံ့သွားရာမှ ၎င်းကို ဖမ်းဆီးခြင်း ဖြစ်သည်။

ဗီဒီယိုတွင် ပါးစပ်မှ သွေးများထွက်ကာ အဝတ်အစားများတွင် သွေးများစွန်းပေနေသည့် ငိုင်တွေနေသည့် ကားသမားတစ်ဦးအား "မင်းက ငါ့အိမ်နား ကားလာထိုးတယ်။ မင်းဟာ သင်းကွပ်ထားတဲ့ မိန်းမစိုးပဲ။" ဟု မင်းသားက ကျိန်းမောင်းပြောဆိုနေသည်ကို မြင်တွေ့ရသည်။

အခြားဗီဒီယိုတစ်ခုတွင်လည်း အမျိုးသားတစ်ဦးကို ရိုင်ဖယ်သေနတ်ဖြင့် နောက်ကချိန်ကာ အိမ်ထဲက ထွက်ခိုင်းနေပုံ၊ ထိုင်ခုံတစ်လုံးတွင် ထိုင်လျက်ရှိသူကို မင်းသားက ထိုးနှက်နေပုံတို့ကိုလည်း   မြင်တွေ့ရသည်။

အဆိုပါ ဗီဒီယိုများ ပျံ့နှံ့သွားပြီးနောက် ၎င်းမင်းသားအား တရားစွဲဆိုရုံးတင်ရန် လူမှုမီဒီယာတွင် တောင်းဆိုမှုများ သောသောညံသွားခဲ့သည်။

"ဘယ်လိုလူပဲဖြစ်ပါစေ။ မင်းသားဖြစ်ဖြစ်၊ ဝန်ကြီးဖြစ်ဖြစ်၊ နိုင်ငံသားပဲဖြစ်ဖြစ် ဥပဒေအထက်မှာ ဘယ်သူမှ မရှိရပါ။"ဟု တွစ်တာအကောင့်တစ်ခုက ရေးသားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly