ပြည်၊ ဇူလိုင်၂၀ ။ ။ ဧရာဝတီ မြစ်ရေကြီးသည့်အတွက် ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့တွင် လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်လ ၁၉ ရက်တွင် ရေဝင်အိမ်ခြေ ၁၅၀၀ ကျော်အထိ ရှိလာခဲ့ပြီး ဒုက္ခသည် ၂၀၀၀ ခန့် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှံုနေရကြောင်း သိရသည်။
“ရွှေပလ္လင်မှော် ၊ ၀ါဆို နဲ့ တံတားထိပ် တိုးတယ်။ အေးမြသာယာလည်း ရေဝိုင်းနေပြီ”ဟု နဝင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရုံးစာရေး ဦးမျိုးဇော်ဝင်းက ဆိုသည်။
ဇူလိုင်လ ၁၉ ရက်တွင် ပြည်မြို့နဝင်းနယ်မြေ ဖိုးခေါင်ရပ်ကွက်မှ အိမ်ခြေ ၆၇၁ လုံး ၊ မာလကာကုန်းရပ်ကွက်မှ အိမ်ခြေ ၁၂၆ လုံး ၊ ဘောဂရပ်ကွက်မှ အိမ်ခြေ ၉၁ လုံး ၊ နဝင်းမြောက် မှ အိမ်ခြေ ၂၂၁ လုံး ၊ နဝင်းလယ်မှ အိမ်ခြေ ၄၆ လုံး ၊ ရွှေပလ္လင်မှော်အောက်ချိုင့် မှ အိမ်ခြေ ၁၂၄ လုံး ၊ ၀ါရုံတာရိုးမှ အိမ်ခြေ ၂၃၇ လုံး စုစုပေါင်း အိမ်ခြေ ၁၅၁၆ လုံးရေဝင်မှုရှိခဲ့သည်ဟု နဝင်းနယ်မြေအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
ဇူလိုင် ၁၉ ရက်အထိ ၀ါဆိုဘုန်းတော်ကြီးကျောင်းနှင့် နဝင်းချောင်းကူးတံတားချဉ်းကပ်လမ်းတွင် အိမ်ထောင်စု ၂၁၀ ခု လူဦးရေ ရ၃၇ ဦး ၊ နဝင်းတာရိုးပေါ်တွင် အိမ်ထောင်စု ၂၆၇ ခု လူဦးရေ ၁၀၄၀ဦး ၊ ရွှေပလ္လင်မှော် ဘုရားပေါ်တွင် အိမ်ထောင်စု ၄၆ ခု လူဦးရေ ၂၀၅ ဦး စုစုပေါင်း အိမ်ထောင်စု ၅၂၃ ခု လူဦးရေ ၁၉၈၂ ခိုလှံုနေကြသည်။ ဒုက္ခသည်အများစုမှာ နေစရာ မရသေးဘဲ သောက်သုံုးရေအခက်အခဲ နှင့်ပါကြံုတွေ့နေရသည်။
“အိမ်က လုံးလုံးမြှုပ်နေတာ ။ တဲမထိုးနိုင်တော့ ဒီလိုပဲ အစ်မတွေနဲ့ပဲ ကျပ်ကျပ်တည်းတည်း နေရတယ်။ တဲထိုးဖို့ အနည်းဆုံး ခုနှစ်သောင်းရှစ်သောင်းကုန်တယ်”ဟု ဖိုးခေါင် ရပ်ကွက်နေ ရေဘေးဒုက္ခသည် အမျိုးသမီးတစ်ဦးက ဆိုသည်။
ဇူလိုင်လ ၁၉ ရက် ညနေ ၆ နာရီ တိုင်းတာရရှိချက်အရ ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် ၂၈၆၂ စင်တီမီတာ ရှိပြီး စိုးရိမ်ရေအမှတ် ၂၉၀၀ စင်တီမီတာသို့ရောက်ရန် ၃၈ စင်တီမီတာ သာ လိုတော့ကြောင်း ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနရုံးမှ သိရသည်။