ပြည်မြို့ ROYAL STAR စားသောက်ဆိုင် လူသတ်မှု ဇူလိုင် ၂၇ ရက် တွင် ရုံးတင်စစ်ဆေးမည်

ပြည်မြို့ ROYAL STAR စားသောက်ဆိုင် လူသတ်မှု ဇူလိုင် ၂၇ ရက် တွင် ရုံးတင်စစ်ဆေးမည်
ဓာတ်ပုံ-ပုဂံလမ်းက အလွမ်းရှင်

ပြည်၊ ဇူလိုင် ၁၉ ။           ။ ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ နဝဒေးရပ်ကွက်ကုန်တင်ကုန်ချဝင်းအတွင်းရှိ ROYAL STAR စားသောက်ဆိုင်တွင် ဖြစ်ပွားခဲ့သော လူသတ်မှုအတွက်  ဇူလိုင်လ ၂၇ ရက်တွင်  သံသယရှိသူများကို တရားရုံးတင် စစ်ဆေးတော့ မည် ဖြစ်ကြောင်း ပြည်မြို့မရဲစခန်းမှူး ဒုရဲမှူးတင်ကို က ပြောသည်။

“ နှစ်ဆယ့် ခုနှစ်ရက်နေ့ တင်မှာဗျ။ တရားခံက တော့မစုံသေးဘူး။ ငါးယောက် အပြေးနဲ့တင်မယ်” ဟု ဒုရဲမှူးတင်ကိုက ဆိုသည်။

၄င်းစားသောက်ဆိုင်တွင် ဇွန်လ ၂၈ ရက်ညပိုင်းက လာရောက်စားသောက်သူ (၃)ဦး နှင့် ဧည့်ကြိုဝန်ထမ်းများ ရန်ဖြစ်ခဲ့ပြီး  စားသောက်သူ တစ်ဦးသေဆုံး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ၄င်း အမှုနှင့်ပတ်သတ်ပြီး သံသယ ရှိသူ ၈ ဦးကို ရဲတပ်ဖွဲ့က ဖမ်းထားသော်လည်း  ၅ ဦးလွတ်မြောက်နေသေးသည်။

ဇွန်လ ၂၈ ရက် ည ၉ နာရီက ဇာနည်ထွန်း (ခ) အာကြီး (၂၃)နှစ် ၊ သော်ဇင်အောင် (၂၄)နှစ် ၊ နိုင်ဝေယံ (၂၄)နှစ်တို့သည် သီချင်းဆိုရန် ROYAL STAR စားသောက်ဆိုင်သို့  ရောက်ရှိလာပြီး KTV ခန်း ကိစ္စစကားပြောရာမှ ဆိုင်ရှိဧည့်ကြိုဝန်ထမ်းများနှင့် အဆင်မပြေဖြစ်ခဲ့သည်။

ဇာနည်ထွန်း (ခ) အာကြီးက ဧည့်ကြိုများကို လိုက်လံထိုးကြိတ်သည့်အတွက် ဧည့်ကြိုဝန်ထမ်းခေါင်းဆောင် လက်ထောက်ခေါင်းဆောင် စိုင်းလူ ခေါင်းဆောင်သော ဧည့်ကြို ၁၅ ဦးခန့်က  ၀ိုင်းဝန်းထိုးကြိတ်ကာ တုတ်ဖြင့်ရိုက်ခြင်း ၊ ဓါးမြှောင်ဖြင့် ထိုးခြင်းများ ပြန်လည် ပြုလုပ်ခဲ့သည်။

ထို့ကြောင့် ဇာနည်ထွန်း(ခ) အာကြီးတွင် ယာဘက်ရင်အုံ တွင် (၁)လက်မခန့်ထိုးသွင်းဒဏ်ရာ(၁)ချက် ၊ ဦးခေါင်းထိပ်ယာဘက်တွင် (၂) လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက် တို့ရရှိခဲ့ပြီးအခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ သော်ဇင်အောင်တွင် ရင်ခေါင်း တစ်လက်မ ခန့်ထိုးသွင်းဒဏ်ရာ (၁)ချက် ၊ ယာဘက်နံဘေး (၁)လက်မခန့်ထိုးသွင်းဒဏ်ရာ (၁)ချက် ၊ ရရှိခဲ့သည်။ နိုင်ဝေယံတွင် ယာဘက်ဂျိုစောင်း (၁)လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက် ၊ ယာဘက်န့ဘေး(၁)လက်မခန့် ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သတ်ပြီး မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၃၂၄/၃၂၃/၁၁၄ ဖြင့် စားသောက်ဆိုင်ဝန်ထမ်းများကို  အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly