အရေးယူပိတ်ဆို့မှုများ အပြန်အလှန်ချမှတ်ပြီး အမေရိကန်နဲ့ အီရန်အကြား တင်းမာမှု မြင့်တက်လာ

အရေးယူပိတ်ဆို့မှုများ အပြန်အလှန်ချမှတ်ပြီး အမေရိကန်နဲ့ အီရန်အကြား တင်းမာမှု မြင့်တက်လာ

ဇူလိုင် ၁၉ ။            ။ အီရန်တို့၏ ပဲ့ထိန်းဒုံး စမ်းသပ်မှုအစီအစဉ်နှင့်ပတ်သက်၍ ၀ါရှင်တန်နှင့် တီဟီရန်တို့အကြား တင်းမာမှုများ မြင့်တက်နေလျက်ရှိပြီး ယခုအခါ အရေးယူပိတ်ဆို့မှုမှုများကိုလည်း အပြန်အလှန် ချမှတ်ခဲ့ကြကြောင်း သိရသည်။

အီရန်အပေါ် အရေးယူပိတ်ဆို့မှု အသစ် ချမှတ်ကြောင်း ၀ါရှင်တန်ဘက်က ထုတ်ပြန် ကြေညာပြီးနောက် ယင်း ဆန်ရှင်ချမှတ်မှုများမှာ အဓိပ္ပါယ်မရှိဘဲ အကျုံးမဝင်ကြောင်း အီရန်ဘက်က မဆိုင်းမတွ ပြန်လည်တုန့်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အပြန်အလှန်အနေဖြင့် မိမိတို့ အီရန်ပြည်သူများအပါအဝင် အခြားဒေသတွင်း မွတ်ဆလင်များအပေါ် ဆန့်ကျင်ဆက်ဆံနေသော အမေရိကန်ပြည်သူများနှင့် အဖွဲ့အစည်းများအပေါ် အရေးယူပိတ်ဆို့လိုက်ကြောင်း တီဟီရန်က တုန့်ပြန်ကြေညာလာခဲ့သည်။

" အမေရိကန်တွေက ကျူပ်တို့ အစ္စလမ် အစိုးရရဲ့ လုပ်နိုင်စွမ်းနဲ့ စွမ်းအားကို ယုတ်လျော့စေချင်နေပါတယ်၊ ဒါကြောင့် ခုလို သူတို့ကိုအထိနာစေမယ့် ဆန်ရှင်တစ်ချို့ ကျွန်တော်တို့ဘက်က ပြန်ချမှတ်ပါတယ်" ဟု အီရန် တော်လှန်ရေးအစောင့်တပ်၏ လေတပ်နှင့် ဒုံးကျည်အစီအစဉ် အဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး Amir Ali Hajizadeh က ပြောသည်။

ပြီးခဲ့သည့်ကာလကလည်း ဒုံးကျည်အစီအစဉ်နှင့် စစ်တပ်၏ ပြည်ပ စစ်ဆင်ရေးအဖွဲ့အတွက် နောက်ထပ် ဘက်ဂျက်ငွေ ခွင့်ပြုကြောင်း အီရန်ပါလီမန်က မဲခွဲဆုံးဖြတ်ပေးခဲ့ပြီးနောက် ယင်းလုပ်ရပ်မှာ ဒေသတွင်း မတည်ငြိမ်မှုကို လှု့ံဆော်အားပေးရာ ရောက်ကြောင်း ၀ါရှင်တန်က စွပ်စွဲခဲ့သည်။

၂၀၁၅ ခုနှစ်က တီဟီရန်အကြား ချုပ်ဆိုထားသည့် နျူသဘောတူညီချက်စာချုပ်မှာ အဆိုးရွားဆုံး စာချုပ်တစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုထားပြီး အီရန်တို့အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင်း အကြမ်းဖက်မှုကို ဆက်လက်ထောက်ခံအားပေးနေကြောင်း စွပ်စွဲထားခဲ့သည်။

ယခုလက်ရှိအချိန်တွင် အီရန်၏ အပြုအမှုလုပ်ဆောင်ချက်များက ဒေသမတည်ငြိမ်မှုကို တွန်းအားပေးရာရောက်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက် အီရန် နိုင်ငံသား သို့မဟုတ် အဖွဲ့အစည်း ၁၈ ခုအပေါ် ဆန်ရှင်ချမှတ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly