အိန္ဒိယအနောက်ပိုင်း ရေကြီးမှု လေးဦးသေဆုံးပြီး ခြောက်ဦး ပျောက်ဆုံးနေ

အိန္ဒိယအနောက်ပိုင်း ရေကြီးမှု လေးဦးသေဆုံးပြီး ခြောက်ဦး ပျောက်ဆုံးနေ

ဇူလိုင် ၁၆ ။             ။ အိန္ဒိယနိုင်ငံ အနောက်ပိုင်းမှာ မုတ်သုံမိုးကြီးပြီး ရေလွှမ်းမိုးတွေ ဖြစ်ပေါ်ခဲ့တာကြောင့် လူ လေးဦး သေဆုံးပြီး အခြား ခြောက်ဦး ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ဇူလိုင် ၁၆ ရက်မှာ ပြောပါတယ်။

ဂူဂျာရတ် ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ ယင်း ရေကြီးမှုကြောင့် ပြည်နယ်အတွက် အဓိကကျတဲ့ မီးရထားလမ်း ကွန်ရက်တွေနဲ့ အဝေးပြေးတော်တော်များများ အသွားအလာ ရပ်ဆိုင်းသွားကြောင်းနဲ့ ရာသီဥတု ဆိုးရွားနေမှုအောက်မှာ ကျေးရွာပေါင်း ၁၂၀ ကျော်လည်း လျှပ်စစ်မီး ပြတ်တောက်နေလျက်ရှိကြောင်း သိရပါတယ်။

" ပြီးခဲ့တဲ့ စနေမနက်ပိုင်းလောက်က မိုးကြီးပြီး ရေလွှမ်းမိုးခဲ့တာကြောင့် လေးဦး သေဆုံးခဲ့ပါတယ်၊ နောက် ခြောက်ဦး ပျောက်နေဆဲပါ" လို့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Pankaj Kumar က ပြောပါတယ်။

အဆိုပါ ပျောက်ဆုံးနေသူများကို အမျိုးသား သဘာဝဘေးအန္တရာယ် တုန့်ပြန်ကာကွယ်ရေး တပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေနေလျက်ရှိကြောင်းလည်း ၎င်းက ပြောပါတယ်။

ပြည်နယ်တွင်းရှိ ရေလွှမ်းမိုးမှု အဆိုးရွားဆုံး ခံစားနေရတဲ့ ဒေသတွေကနေ လူပေါင်း ၂,၀၀၀ ကျော်ကို ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်ခေါ်ဆောင်ခဲ့ပြီး အမြင့်ပိုင်းဒေသတွေမှာ   ပြောင်းရွှေ့နေရာချထားပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

လာမယ့် နှစ်ရက်လောက်အထိ ယင်းပြည်နယ်မှာ မိုးဆက်လက်အားကောင်းဦးမယ့် အခြေအနေမှာ ရှိနေတာကြောင့် သတိဝီရိယထားကြဖို့ကိုလည်း အိန္ဒိယ မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags