လျူရှောက်ဘိုနှင့် ပတ်သက်ပြီး တာဝန်မဲ့သည်ဟု ကန့်ကွက်သော ပြည်ပနိုင်ငံများကို တရုတ်က ပြင်းပြင်းထန်ထန် တုံ့ပြန်

လျူရှောက်ဘိုနှင့် ပတ်သက်ပြီး တာဝန်မဲ့သည်ဟု ကန့်ကွက်သော ပြည်ပနိုင်ငံများကို တရုတ်က ပြင်းပြင်းထန်ထန် တုံ့ပြန်

ပေကျင်း၊ ဇူလိုင် ၁၅ ။             ။ နိုဘယ်ဆုရှင် လျူရှောက်ဘိုနှင့် ပတ်သက်ပြီး တာဝန်မဲ့သည်ဆိုကြကာ အမေရိကန်အပါအဝင် ပြည်ပနိုင်ငံအချို့က သံတမန်ရေးအရ တရားဝင်ကန့်ကွက်နေကြောင်း ဇူလိုင် ၁၄ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

လျူရှောက်ဘိုသည် ဇူလိုင် ၁၃ ရက်က အသည်းကင်ဆာဖြင့် တရုတ်ဆေးရုံတစ်ရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျန်ရှန်းက တရုတ်အစိုးရသည် လျူရှောက်ဘို ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတစ်ချို့နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးတို့က မကျေနပ်ကြောင်း ကန့်ကွက်သည်နှင့် ရင်ဆိုင်နေရကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောသည်။

တရုတ်နိုင်ငံအား သံတမန်ရေးကန့်ကွက်သည့်နိုင်ငံများတွင် ပြင်သစ်နှင့် ဂျာမနီတို့လည်း ပါဝင်ပြီး နောက်ထပ်နိုင်ငံများ ထပ်ပါလာဦးဖွယ်ရှိကြောင်း ကျန်က EFE သို့ ပြောသည်။

လျူရှောက်ဘို၏ ကျန်ရစ်သူဇနီး နေအိမ်အကျယ်ချုပ် ချထားဆဲခံရသူ လျူရှားကို ပြန်လွှတ်မလွှတ်နှင့် ပြည်ပထွက်ခွာခွင့် ပြုမပြုနှင့် ပတ်သက်ပြီး မေးမြန်းခြင်းကိုမူ ကျန်က ဖြေဆိုခြင်း မရှိပေ။ လျူရှားအား မည်သည့်ရာဇဝတ်မှုနှင့်မှ စစ်ဆေးခြင်းမရှိဘဲ ပြီးခဲ့သည့် ခုနစ်နှစ်က နေအိမ်အကျယ်ချုပ် ချထားခဲ့ခြင်းဖြစ်သည်။

“လျူရှားနဲ့ ပတ်သက်တဲ့ လက်ရှိအနေအထားကို ကျွန်တော်အနေနဲ့ မသိပါ။”ဟု ကျန်က ပြောပြီး နိုင်ငံသားတစ်ဦး ထွက်ခွာခွင့်၊ ဝင်ရောက်ခွင့်သည် ဥပဒေအရသာ ကိုင်တွယ်ရမည်ဖြစ်ကြောင်း   ဖြည့်စွက်ဖြေကြားသည်။

လျူ၏ အရေးတွင် ပြည်ပနိုင်ငံများ၏ ယခုကဲ့သို့ ကန့်ကွက်မှုများကို ကျန်က ပြင်းပြင်းထန်ထန် ဝေဖန်တုံ့ပြန်ကာ အခြေမဲ့ ကန့်ကွက်နေခြင်းဖြစ်သကဲ့သို့ ဖုံးကွယ်သိုဝှက်ထားသည့် စေ့ဆော်မှုလည်း ရှိနေကြောင်း၊ နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းလည်းဖြစ်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly