ဟီလာရီကလင်တန် အရေးနိမ့်စေရေးအတွက် ရုရှရှေ့နေနှင့် သားဖြစ်သူ တွေ့ဆုံခဲ့သည်ဆိုခြင်းအား ဒေါ်နယ်ထရမ့် ခုခံပြောဆို

ဟီလာရီကလင်တန် အရေးနိမ့်စေရေးအတွက် ရုရှရှေ့နေနှင့် သားဖြစ်သူ တွေ့ဆုံခဲ့သည်ဆိုခြင်းအား ဒေါ်နယ်ထရမ့် ခုခံပြောဆို

ပါရီ၊ ဇူလိုင် ၁၄ ။            ။ ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲကာလအတွင်း ဒီမိုကရက်တစ်ပါတီမှ ပြိုင်ဖက် ဟီလာရီကလင်တန်၏ သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး ဖျက်ဆီးပစ်နိုင်ရေးအတွက် ရုရှရှေ့နေတစ်ဦးနှင့် သားဖြစ်သူတို့ တွေ့ဆုံခဲ့သည်ဆိုခြင်းအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၁၃ ရက်တွင် ခုခံပြောဆိုသည်။

"လက်တွေ့ကျတဲ့ ရှုထောင့်ကနေ ကျွန်တော် မြင်ပါတယ်။ ဒီလို တွေ့ဆုံမှုကို အများကလည်း နားလည်လက်ခံလိမ့်မှာပဲ ဖြစ်ပါတယ်။"ဟု ပါရီသို့ ရောက်ရှိနေသည့် ထရမ့်က ပြင်သစ်သမ္မတ မက်ခရွန်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"ဒါဟာ အားပြိုင်ဖို့ လုပ်တာပါပဲ။ နိုင်ငံရေးဆိုတာ ကမ္ဘာမှာ အကောင်းမွန်ဆုံးအလုပ် မဟုတ်ပါဘူး။ ဒါပေမယ့် သတင်းအချက် ရှိထားတယ်ဆိုရင်တော့ ဒီအချက်ကို ရယူမှာကတော့လစံနှုန်းတစ်ရပ်ပါပဲ။"ဟု ၎င်းက ပြောသည်။

ထရမ့်၏ သားအကြီးဆုံး ဒေါ်နယ်ဂျူနီယာ ထရမ့်သည် ၂၀၁၆ ခုနှစ် နွေရာသီက ရုရှအမျိုးသမီး ရှေ့နေတစ်ဦးဖြစ်သည့် နာတာလီယာ ဗက်ဆဲနိစကေယာနှင့် အဆက်အသွယ်ပြုခဲ့သည့် အီးမေးလ်များကို ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သည်။

ဂျူနီယာထရမ့်နှင့် ရုရှရှေ့နေတို့ကို ဆက်သွယ်ပေးသည့် နိုင်ငံရေးသုံးသပ်ချက်ရေးသားသူ ရော့ဘ်ဂိုးလ်စတုန်းမှ ဂျူနီယာထရမ့်ထံ ပေးပို့ထားသည့် အီးမေးလ်တစ်စောင်တွင် ဟီလာရီကလင်တန်ကို အပြစ်ဆိုနိုင်သော၊ ရုရှနှင့် ဟီလာရီတို့၏ အပေးအယူများကို ပြသနေသော မှတ်တမ်းမှတ်ရာနှင့် သတင်းအချက် တစ်ချို့ကို ရုရှရှေ့နေက ပေးအပ်လိမ့်မည်ဖြစ်ရာ ယင်းက ခင်ဗျား၏ ဖခင်အတွက် အလွန်အသုံးတည့်လိမ့်မည်ဟု ရေးသားပေးပို့ထားသည်ကို တွေ့ရသည်။

"တွေ့ဆုံဖြစ်ဖို့ ဖြစ်နိုင်ပါတယ်။ ကျွန်တော်အနေနဲ့လည်း သဘောကျပါတယ်။"ဟု ဂျူနီယာထရမ့်က ၂၀၁၆ ဇွန်လ ၃ ရက်တွင် အကြောင်းပြန်ခဲ့သည်။

၎င်းတို့နှစ်ဦး တွေ့ဆုံမှုတွင် သမ္မတထရမ့်၏ သားမက် ဂျာရတ်ကုရှ်နာနှင့် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး အကြီးအကဲ ပေါလ်မန်နာဖော့တို့လည်း လိုက်ပါခဲ့သည်။

လက်ရှိတွင် အိမ်ဖြူတော်အကြီးတန်းအကြံပေး ဖြစ်နေသူ ကုရှ်နာနှင့် မန်နာဖော့တို့အား ထရမ့်၏ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလအတွင်း ရုရှအစိုးရနှင့် ပူးပေါင်းကြံစည်မှုများ ရှိခဲ့သည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်ကာ စုံစမ်းထောက်လှမ်းရေးက ၎င်းတို့အပေါ် ပစ်မှစ်ထားလျက်ရှိနေသည်။

တွေ့ဆုံခဲ့စဉ်အတွင်း ရုရှရှေ့နေအမျိုးသမီးက ဟီလာရီကလင်တန်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ မပေးခဲ့ဘဲ ယင်းအစား သီးခြားကိစ္စရပ်တစ်ခုကိုသာ စည်းရုံးဆွယ်ပြောခဲ့ခြင်းဖြစ်သည်ဟု ဂျူနီယာထရမ့်က ပြောသည်။

ရုရှရှေ့နေ အမျိုးသမီးက NBC NEWS နှင့် သီးသန့်အင်တာဗျူးတစ်ရပ်တွင် ကရင်မလင်နှင့် မည်သည့်အခါကမျှ အဆက်အသွယ် မရှိကြောင်း၊ ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကို အထိနာစေနိုင်သည့် မည်သည့်သတင်းအချက်အလက်ကိုမှလည်း ရရှိထားခြင်း မရှိကြောင်း ဖြေကြားထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly