စပ်ဆေးများ သုံးစွဲခြင်း မကွေးကျေးရွာများတွင် တွေ့ရှိ

စပ်ဆေးများ သုံးစွဲခြင်း မကွေးကျေးရွာများတွင် တွေ့ရှိ

ဆေးဆိုင်များတွင် အလွယ်တကူရရှိနိုင်သည့် စပ်ဆေးများသည် လူ၏အသက်အန္တရာယ်ကို ထိခိုက်နိုင်ပြီး ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် စပ်ဆေးများကို မကွေးမြို့နယ် ကျေးရွာများတွင် ဆက်လက်သုံးစွဲနေသည်ကို တွေ့ရှိရသည်ဟု မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန တိုင်းတာဝန်ခံ ဒေါက်တာပြည့်ထူးက ပြောသည်။

"စပ်ဆေးဆိုတာ ဆေးရောင်စုံ သုံး လေး ငါးမျိုး စပ်ထားတာဖြစ်ပါတယ်၊ အဲ့ဒီ စပ်ဆေးတွေဟာ လူရဲ့ခန္ဓာကိုယ်အတွက် မလိုအပ်ဘဲ သောက်ရင် အဆိပ်ဖြစ်စေပါတယ်၊လူ့ခန္ဓာကိုယ်မှာ ကျောက်ကပ်ရောဂါ များ ဖြစ်ပွားစေတယ်၊ ခန္ဓာကိုယ်နဲ့ မတည့်တဲ့ ဆေးအမျိုးအစား ပါလာရင် သေဆုံးတတ်ပါတယ်၊အစားမစားဘဲနဲ့ စပ်ဆေးသောက်မိရင် ကော်ဖီရောင် အန်တတ်ခြင်းနဲ့   သွေးဝမ်းသွားခြင်း၊တီဗီရောဂါများ ဖြစ်တတ်ခြင်းနဲ့ အသည်းထိခိုက်ခြင်း စတဲ့ ဆိုးကျိုးတွေ ဖြစ်စေတတ်ပါတယ်" ဟု ဒေါက်တာပြည့်ထူးက ပြောသည်။

မကွေးမြို့ပေါ်ရှိ ဆေးဆိုင်များတွင် စပ်ဆေးရောင်းချမှုအား စစ်ဆေးတွေ့ရှိခြင်း မရှိတော့သော်လည်း ကျေးရွာများတွင် စပ်ဆေးရောင်းချမှုများ ရှိနေခြင်းကြောင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ စုစည်းကာ ခရိုင်အလိုက် လျာထားစီမံချက်များဖြင့်

စစ်ဆေးနေကြောင်း ဒေါက်တာပြည့်ထူးထံမှ သိရသည်။

ဆေးဆိုင်များအား တစ်နှစ်လျှင် အကြိမ်(၂၀)နှုန်းဖြင့် နှစ်နှစ်တာ ကာလအတွင်း အကြိမ်(၄၀) စစ်ဆေးနိင်ခဲ့ကြောင်း၊ တစ်ကြိမ်စစ်လျှင် ဆေးဆိုင်(၁၅)ဆိုင်မှ ဆိုင်(၂၀)အထိ စစ်ဆေးနိုင်ခဲ့သည်။

လက်ရှိတွင် ဆေးဆိုင် စစ်ဆေးမှု အရေအတွက်(၆၀၀)ကျော် စစ်ဆေးနိုင်ခဲ့ပြီး ဥပဒေ ပြစ်ဒဏ်ထောင်ဒဏ် (၃)နှစ်၊ငွေဒဏ်(၅)သိန်း ချမှတ်နိင်သည့် အမျိုးသားဆေးဝါး ဥပဒေဖြင့် မင်းဘူးမြို့တွင် တစ်ဆိုင်၊ မကွေးမြို့တွင် လေးဆိုင်၊အောင်လံတွင် တစ်ဆိုင်နှင့် ပခုက္ကူတွင် တစ်ဆိုင်တို့အား အရေးယူပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly