ရန်ကုန်၊ဇူလိုင်၁၄ ။ ။ ချင်းတွင်းမြစ်၊ ဧရာဝတီမြစ်နှင့် ငဝန်မြစ်မှ ငသိုင်းချောင်းတို့တွင် မိုးရွာသွန်းမှုကြောင့် နောက်သုံးရက်အထိ မြစ်ရေဆက်လက်တက်မည်ဟု မိုးလေဝသပညာရှင် ဒေါက်တာဦထွန်းလွင်က မဇ္ဈိမကိုပြောသည်။
"ချင်းတွင်းကတော့ တက်ဦးမယ် ။ ဧရာဝတီလည်း တက်လာမယ် ။ ငါးသိုင်းချောင်းလည်း ရေတက်လာမယ်။ အထက်ပိုင်းကတော့ ရေပြန်ကျတယ်ပေါ့။ ခန္တီးတို့ဘာတို့ကျတယ် ။ ကျန်တာတွေကတော့တက်ဦးမယ် ။ နောက်ထပ်နှစ်ရက်သုံးရက်လောက် တက်ဦးမယ်လို့သေချာပါတယ်"ဟု မိုးလေဝသပညာရှင်ဒေါက်တာဦးထွန်းလွင်က ဆိုသည်။
ယခုကဲ့သိုမိုးလယ်ကာလ၌ ရေတက်မှုသည်ပုံမှန်ဖြစ်ပြီး ဒုတိယရေကြီးကာလအဖြစ်သတ်မှတ်နိုင်ကြောင်း ၎င်းကပြောခဲ့ပြီး စိုးရိမ်စရာမရှိအခြေအနေတော့မဟုတ်ဟု ပြောသည်။
"စိုးရိမ်စရာမရှိဘူးလို့တော့ ကျွန်တော်မပြောချင်ဘူး။ ဒီလောက်မိုးများနေတာ။ စိုးရိမ်ရေမှတ်ကျော်လွန်နေလု့ိထုတ်ပြန်တာပေါ့"ဟု သတိထားသင့်ကြောင်း ဦးထွန်းလွင်က ဆိုသည်။
ဇူလိုင်၁၃ရက်နေ့ မိုးလေဝသပညာရှင်ဦးထွန်းလွင်၏ ခန့်မှန်းချက်များအရ ဧရာဝတီမြစ်တစ်လျောက်ရှိ ပခုက္ကူ ၊ ဟင်္သာတ၊ ညောင်ဦး၊ ဇလွန်တို့တွင် စိုးရိမ်ရေအမှတ်ကိုကျော်လွန်နိုင်ကြောင်းပြောထားသည်။
ငဝန်မြစ် ငါးသိုင်းချောင်းစခန်းတွင်လည်း စိုးရိမ်ရေအမှတ်ကျော်လွန်ရောက်ရှိမည်ဟု ဆိုထားသည်။
ချင်းတွင်းမြစ်ကြောင်းတွန် ခန္တီးမြစ်ရေကျနိင်ပြီး ကျန်သည့် ဟုမ္မလင်း၊ ဇောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာတို့တွင် နောက်နှစ်ရက်သုံးရက်အထိ စိုးရိမ်ရေမှတ်နှင့်အထက်၌ ဆက်လက်တည်ရှိမည်ဖြစ်ကြောင်းခန့်မှန်းထားသည်။
အဆိုပါဒေသများအတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်ရာတွင် ဒေသဆိုင်ရာတာဝန်ခံများမှဦးဆောင်ပြီး မြို့နယ်တိုင်း၌ချမှတ်ထားသော သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစီမံချက်အတိုင်း အသေးစိတ်လုပ်ဆောင်သင့်ကြောင်း မိုးလေဝသပညာရှင်ဦးထွန်းလွင်က ပြောသည်။