ရုရှအတိုက်အခံခေါင်းဆောင်ကို ပစ်သတ်ခဲ့သူများအား စစ်ခုရုံးက ထောင်ဒဏ်နှစ်ရှည်ချ

ရုရှအတိုက်အခံခေါင်းဆောင်ကို ပစ်သတ်ခဲ့သူများအား စစ်ခုရုံးက ထောင်ဒဏ်နှစ်ရှည်ချ

မော်စကို၊ ဇူလိုင် ၁၃ ။                ။ ရုရှစစ်ခုံရုံးသည် အတိုက်အခံခေါင်းဆောင် ဘောရစ်နမ်ချောအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် အပြစ်တွေ့ရှိသူကို ဇူလိုင် ၁၃ ရက်က ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်။

ရုရှနိုင်ငံရေးအား ဝေဖန်သူ အတိုက်အခံခေါင်းဆောင် ဘောရစ်နမ်ချောကို သတ်ဖြတ်မှုဖြင့် ချေချင်းလူမျိုး ငါးဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်းဖြစ်သော်လည်း ဘောရစ်၏ မဟာမိတ်များက နောက်ကွယ်က ကြိုးကိုင်သူကို ဖော်ထုတ်နိုင်သေးခြင်း မရှိကြောင်း ပြောကြသည်။

ဘောရစ်အား ပစ်သတ်သူ ဇာအူဒါဒါယေ့ကို ထောင်ဒဏ် နှစ် ၂၀ ချမှတ်ကာ နောက်လိုက်နောက်ပါ လေးဦးကို ၁၁ နှစ်မှ ၁၉ နှစ် ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ကာလရှည် စစ်ဆေးကြားနာပြီးနောက် ၎င်းတို့ ငါးဦးစလုံးသည် အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲ ရယူကာ ဘောရစ်အား လုပ်ကြံခဲ့ကြခြင်း ဖြစ်သည်ဟု ဇွန်လအတွင်း ဂျူရီအဖွဲ့က အပြစ်စစ်ဆေးတွေ့ရှိခဲ့သည်။ သို့သော်လည်း အဆိုပါ စစ်ဆေးကြားနာမှုက နောက်ကွယ်မှ လက်သည်ကို ဖော်ထုတ်နိုင်ခြင်း မရှိသေးဟု ဘောရစ်ကို ထောက်ခံသူများက ပြောသည်။

အစိုးရရှေ့နေများက ချေချင်းညာစစ်သားဟောင်း ဒါဒါယေ့အား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်း အပါအဝင် တရားခံများကို ပို၍ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ရန် လျှောက်လဲခဲ့ကြခြင်း ဖြစ်သည်။

သမ္မတ ပူတင်အား ထိုးနှက်ဝေဖန်တတ်သူ အသက် ၅၅ နှစ်အရွယ် ဘောရစ်နမ်ချောသည် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်၌ ကရင်မလင်နန်းတော်နှင့် မီတာအနည်းငယ်မျှသာ ဝေးသော နေရာတွင် ၎င်း၏ အမျိုးသမီးအဖော်နှင့် လမ်းလျှောက်နေစဉ် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

မော်စကို မြို့လယ်၌ ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့သော ယင်းလူသတ်မှုက ပူတင် အာဏာရပြီး ၁၇ နှစ်နီးပါးအတွင်း ဖြစ်ပွားခဲ့သော ထင်ရှားသည့်နိုင်ငံရေးသမားတစ်ဦး ပထမဆုံး အသတ်ခံရခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly