မက္ကဆီကိုက အဝေးပြေးလမ်းတွင် တွင်းပေါက်ပြိုမှု ဖြစ်ကာ ကားထိုးကျရာမှ သားအဖနှစ်ဦး သေဆုံး

မက္ကဆီကိုက အဝေးပြေးလမ်းတွင် တွင်းပေါက်ပြိုမှု ဖြစ်ကာ ကားထိုးကျရာမှ သားအဖနှစ်ဦး သေဆုံး

မက္ကဆီကိုစီးတီး၊ ဇူလိုင် ၁၃ ။             ။ မက္ကဆီကိုနိုင်ငံတွင် မြို့တော် မက္ကဆီကိုစီးတီးနှင့် ပစိဖိတ်အပန်းဖြေမြို့ အကာပူကိုသို့ ဆက်သွယ်သည့် အဝေးပြေးလမ်းမကြီးတွင် တွင်းပေါက်ပြိုမှုဖြစ်ကာ ကားတစ်စီး ထိုးကျပြီး ကားတွင်း ပိတ်မိနေသည့် သားအဖနှစ်ဦး သေဆုံးကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပြောသည်။

“ကွာနာဗာကာအဝေးပြေးလမ်းပေါ်မှာ ဖြစ်ပေါ်တဲ့ တွင်းပေါက်ကြီးအတွင်းကနေ ကားကို ပြန်ဆွဲထုတ်နိုင်ပါတယ်။ ကားပေါ်က နှစ်ဦးကတော့ သေဆုံးခဲ့ပါတယ်။”ဟု ဝန်ကြီး ဂါရာဒိုက တွစ်တာတွင် ဖော်ပြသည်။

အသက် ၃၃ နှစ်အရွယ် ဂျူအန်မီနာရိုမီယိုနှင့် ၎င်း၏ ဖခင်ဖြစ်သူ အသက် ၆၅ နှစ်ရှိ ဂျူအန်းမီနာရူးစ်တို့၏ ကားက အရုဏ်မတက်မီ အဝေးပြေးလမ်းပေါ်က တွင်းပေါက်ကြီးအတွင်း ထိုးကျခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွင်းပေါက်ကြီးသည် အနက် ငါးမီတာရှိပြီး အချင်းက ခုနစ်မီတာရှိကြောင်း ပြည်နယ် ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွင်းဝန်ရုံးက ထုတ်ပြန်သည်။

မိုးဆက်တိုက်ရွာခြင်းကြောင့် အဝေးပြေးလမ်းအောက်က အောက်ခံမြေဆီလွှာ တောင့်တင်းအား နည်းသွားပြီး လမ်းအောက်တွင်ရှိနေသော နှစ် ၄၀ ကျော် အသုံးပြုခဲ့သည့် မြေအောက်ရေနုတ်မြောင်းတွင် ပိတ်ဆို့မှုဖြစ်ရာမှ တွင်းပေါက်ပြိုမှုဖြစ်သည်ဟု ဂါရာဒိုက ဆိုသည်။

အသစ်ဖောက်လုပ်ထားသော လမ်းအောက် ဆယ့်ငါးမီတာအကွာတွင် ရေဆိုးထုတ်မြောင်းနှင့် ရေနုတ်မြောင်း စနစ်ရှိနေခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly