အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်းအစိုးရက အထောက်အထားများ ထုတ်ပေးနေသော်လည်း အခက်အခဲအချို့ရှိနေသေး

အထောက်အထားမဲ့ရွှေ့ပြောင်းလုပ်သားများအတွက် ထိုင်းအစိုးရက အထောက်အထားများ ထုတ်ပေးနေသော်လည်း အခက်အခဲအချို့ရှိနေသေး

ထိုင်းနိုင်ငံတွင် အထောက်အထားမရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ပြုလုပ်ပေးသွားမည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇူလိုင်လ ၅ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများသည် ဇူလိုင်လ ၂၄ ရက်နေ့မှစတင်ပြီး တရားဝင်မှတ်ပုံတင်ရရှိရန် လျှောက်ထားရမှာဖြစ်သည်။ ထိုင်းအစိုးရရဲ့ထုတ်ပြန်ချက်ထဲတွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် မှတ်ပုံတင်လျှောက်ထားချိန် ၁၅ရက် သတ်မှတ်ပေးထားပြီး သြဂုတ်လ ရ ရက်နေ့ နောက်ဆုံးထားပြီး မှတ်ပုံတင်ရရှိရန်လျောက်ထားရမည်ဖြစ်သည်။ 

ရွှေ့ပြောင်းလုပ်သားများမှတ်ပုံတင်ပြုလုပ်ရန် အချိန်အခက်အခဲရှိသည့်အပြင် ကုန်ကျစရိတ်များ တက်သွားနိုင်သည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသော  ကိုစိုးလင်းအောင်က ပြောသည်။

"အစိုးရက ထုတ်ပြန်ထားတာကတော့ CI စာအုပ်လုပ်မယ် ၃၁၀ ဗီဇာထုမယ် ၅၀၀ သွေးစစ်တာက (ဘတ်) ၁၀၀၀ မြန်မာကျပ်ငွေဖြင့် ကျပ် ၄၀,၀၀၀ ဝန်းကျင်၊ Work ပါမစ်လုပ်တာ (ဘတ်) ၅၀၀ မြန်မာကျပ်ငွေဖြင့် ကျပ် ၂၀,၀၀၀ဝန်းကျင် အဲ့ဒီ ဝန်းကျင်ပဲကုန်မယ်။ ဒါပေမဲ့ အဲ့လောက်ကုန်မယ်လို့ အစိုးရကပဲ သတင်းထုတ်ပြန်တာ။ တကယ်တမ်းအောက်ချေမှာ ဒီထက်မက ကုန်တယ်။ ခုနကပြောသလိုပေ့ါ နယ်မြေဖြတ်ကျော်ခွင့်မရှိဘူး။ အလုပ်ရှင်က ပူးပေါင်းဆောင်ရွက်မှုမရှိဘူး။ အလုပ်ရှင်တွေက ပူးပေါင်းပါဝက်မှုတွေ နယ်မြေဖြတ်ကျော်ခွင့်ကို အလွယ်တကူမရတာပေ့ါနော်။ စာရွက်စာတမ်းတွေ အလွယ်တကူမရတာမျိုး အလုပ်ရှင်တွေက ပူးပေါင်းပါဝင်ဆောင်ရွက်မှုအားနည်းတဲ့အတွက်ကြောင့်မိုလို့ အစိုးရကဈေးနှုန်းထုတ်ပြန်ထားပေမယ့် တကယ်တမ်းမှာတော့ ဈေးနှုန်းတွေကြီးမြင့်သွားတယ်ဗျ" ဟု  အလုပ်သမားဟစ်တိုင်အဖွဲ့မှ ကိုစိုးလင်းအောင်က ဆိုသည်။

အထောက်အထားမရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် သက်ဆိုင်ရာနယ်မြေ အလုပ်သမားရုံးများတွင် တရားဝင်နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် ရရှိ ရန်မှတ်ပုံတင်ပြုလုပ်ရမှာဖြစ်သည်။ 

အလုပ်ရှင်နှင့် အလုပ်သမား နှစ်ဦးလုံးသည်  ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ လက်အောက်ခံရုံးများတွင် သတင်းပေးပို့ လျှောက်ထားရမည်။ ၁၅ရက်အတွင်းပြီးစီးရန် Center များ ဖွင့်လှစ်ပေးသွားမည်ဟုသိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်းများပြုလုပ်သည့် အချိန်တိုင်းတွင် အခက်အခဲတွေရှိနေသည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့ ဦးမိုးကြိုးက ဆိုသည်။

"မူရင်းစာရွက်စာတမ်းကုန်ကျစရိတ်က တစ်မျိုး ကိုယ့်ဟာကို လုပ်လို့မှမရတာ သူဌေးအမည်ခံရတယ်လေ။ သူဌေးအမည်ခံတာဆင့်ပွားပေးရတယ်။ အဲ့မှာကုန်ကျစရိတ်တွေ မနိုင်မနင်းဖြစ်တယ်။ အဲ့ခါကျတော့ အလုပ်သမားတွေဟာ အထောက်အထားရှိလျှက်နဲ့ အထောက်အထားသေတဲ့ဘဝရောက်သွားတယ်။ သက်တမ်းမဆက်နိုင်တော့ သေတာပေ့ါ။ အဲ့မှာ အထောက်အထားမစုံတဲ့ အလုပ်သမားတွေ ဘဝ။ အထောက်အထားမဲ့အလုပ်သမား ဘဝရောက်သွားတယ်။ အဓိကစိတ်ခေါ်ချက်ကတော့ ကုန်ကျစရိတ်ပဲ” JACBA၏ ဥက္ကဌ ဦးမိုးကြိုး ကပြောသည်။   

ဇူလိုင်လ ၁၂ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုအသင်းချုပ် MOEAF ရုံးတွင်ပြုလုပ်သည့် ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတို့၏ လတ်တလောအခြေအနေနှင့် စိန်ခေါ်ချက်များ အကြောင်း ရှင်းလင်းသော သတင်းစားရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။ယခုအချိန်ထိ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၄သန်းခန့်ရှိကြောင်းနှင့် အထောက်အထားမရှိသည့် အလုပ်သမား ၁သန်းခန့် ရှိနေသည်ဟု မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသူအချို့က ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly