ဂျပန်တောင်ပိုင်းတွင် ကြံုတွေ့နေရသည့် ရေကြီးမှုများကြောင့် သေဆုံးသူဦးရေ ၂၁ ဦးထိ ရှိလာ

ဂျပန်တောင်ပိုင်းတွင် ကြံုတွေ့နေရသည့် ရေကြီးမှုများကြောင့် သေဆုံးသူဦးရေ ၂၁ ဦးထိ ရှိလာ

ဇူလိုင် ၁၀ ။            ။ ဂျပန်နိုင်ငံ တောင်ပိုင်း Kyushu ကျွန်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စံချိန်တင်မိုးကြီးမှုနဲ့အတူ ရေလွှမ်းမိုးတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ သေဆုံးသူဦးရေ ၂၁ ဦးထိ ရှိလာခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အလားတူ အခြား လူအယောက် ၂၀ လည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

အလားတူ ယနေ့ ဇူလိုင် ၁၀ ရက်မှာလည်း အဆိုပါ တောင်ပိုင်းဒေသမှာ ဆက်လက်ပြီး မိုးကြီးနိုင်မယ့်အခြေအနေနဲ့အတူ မြေပြိုနိုင်မှု အန္တရာယ်နဲ့ပတ်သက်လို့လည်း အရေးပေါ်သတိပေးချက်တွေ ထုတ်ပြန်ထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်တွေတုန်းက အဆိုးရွားဆုံး မိုးကြီးမှုဖြစ်စဉ်တွေနဲ့ ရင်ဆိုင်ထားခဲ့ရတဲ့ Fukuoka နဲ့ Oita စီရင်စုတွေမှာလည်း ဆက်လက်ပြီး မိုးကြီးနိုင်မယ့် အခြေအနေရှိနေတယ်လို့ ဂျပန်မိုးလေဝသဌာနက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကစလို့ မိုးရေချိန် စံချိန်တင်ခဲ့ပြီး မြစ်ရေတွေလျှံတက်ခဲ့ကာ လူပေါင်းလေးသိန်း ခန့် ၎င်းတို့ရဲ့ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ရေလွှမ်းမိုးမှုတွေကြောင့် လမ်းတွေ၊ အဆောက်အအုံတွေ အများအပြား ပျက်စီးဆုံးရှုံးထားခဲ့ရတယ်လို့လည်း သိရပါတယ်။

ယခုအခါမှာ မျှော်လင့်မထားတဲ့ သဘာဝဘေးအန္တရာယ်ကျရောက်နေတဲ့ တောင်ပိုင်းဒေသတွေဆီကို ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တွေနဲ့ စစ်သားတွေအပါအဝင် ထောင်နဲ့ချီတဲ့ ကယ်ဆယ်ရေးလုပ်သားတွေကို ဖြန့်ကျက်စေလွှတ်ထားရပြီး အရေးပေါ် ကူညီရွှေ့ပြောင်းမှု လုပ်ငန်းတွေ ဆောင်ရွက်နေရလျက်ရှိတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly