လွှတ်တော်၌ ရန်ကုန်မြို့သစ်စီမံကိန်းကို ဆွေးနွေးခွင့်ပြုရန် ကိုယ်စားလှယ်များတောင်းဆို

လွှတ်တော်၌ ရန်ကုန်မြို့သစ်စီမံကိန်းကို ဆွေးနွေးခွင့်ပြုရန် ကိုယ်စားလှယ်များတောင်းဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဇူလိုင် ၁၀ ။             ။ ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး တိုင်းဒေသကြီးလွှတ်တော်၌ ဆွေးနွေးခွင့်ရရှိရန် ယနေ့ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အရေးပေါ်အစည်းအဝေး(၁/၂၀၁၇) ၌ လွှတ်တော်ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့သစ်စီမံကိန်းနှင့် ပတ်သက်ပြီး လွှတ်တော်ကို ရှင်းလင်းတင်ပြခဲ့နောက် ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ်(၁) ဒေါ်စန္ဒာမင်းက လွှတ်တော်၌ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

"ပြီးခဲ့တဲ့ ပထမအကြိမ် လွှတ်တော်သက်တမ်းမှာ မြို့သစ်စီမံကိန်း အတည်ပြုခဲ့တယ်ဆိုတာ ပုံစံအဟောင်းကို အတည်ပြုခဲ့တာပါ။ အခုက အဲ့ဒီဟာကို ဖျက်သိမ်းပြီးတော့ ပုံစံအသစ်ဖြစ်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လွှတ်တော်အတွင်းမှာ ဆွေးနွေးပိုင်ခွင့်ရှိပါတယ်။ ဆွေးနွေးခွင့်ပြုပါရန် လွှတ်တော်ဥက္ကဌကြီးမှတဆင့် တင်ပြပါတယ်" ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

ထိုသို့ ဒေါ်စန္ဒာမင်းက တောင်းဆိုပြီးနောက် တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက "ဆွေးနွေးလိုသည့် အချက်များကို ကြိုတင်ပြီးတော့ ကျွန်တော်ဆီ တင်ပြပြီးတော့ ကျွန်တော်ပြုစုပါမယ်၊ ဆွေးနွေးလိုတဲ့ အချက်များကို ကျွန်တော်ဆီပေးပို့လို့ရပါပြီ" ဟု ပြန်လည်ဖြေဆိုခဲ့သည်။

အဆိုပါမြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးလိုသည့် အချက်များကို မနက်ဖြန် ဇူလိုင်လ ၁၁ ရက်နေ့ နေ့လည် ၁၂ နာရီနောက်ဆုံးထား ပေးပို့နိုင်သည်ဟု တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ က ဆုံးဖြတ်ခဲ့သည်။

ရန်ကုန်မြို့သစ်စီမံကိန်းအား အစိုးရအဖွဲ့က ဆောင်ရွက်မည့် ကိစ္စရပ်များကို လွှတ်တော်ကို ရှင်းလင်းတင်ပြရာတွင် ပြည့်ပြည့်စုံစုံတင်ပြ ရှင်းလင်းခြင်း မရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက   ဝေဖန်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly