ဇူလိုင် ၈၊ရန်ကုန်။ ။ အာဆင်နယ်အသင်းထံသို့ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၆သန်းဖြင့်ပြောင်းရွှေ့လာသော ပြင်သစ်တိုက်စစ်မှူး လာဇက်တီ မှာ အာဆင်နယ်စတားဖြစ်လာမည့်ကစားသမားဖြစ်လာမည်ဟု ကွင်းလယ်ကစားသမား အိုဇေးလ်က ချီးကျုးပြောကြားခဲ့သည်။
လာဇက်တီမှာ ပြီးခဲ့သည့်ဘောလုံးရာသီက ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းတွင် ပြိုင်ပွဲစုံသွင်းဂိုး ၃၇ဂိုးအထိသွင်းယူနိုင်ခဲ့သည်။ ကျွန်တော် လာဇက်တီအကြောင်းကို ပြင်သစ်လီဂူးမှာကစားနေတဲ့ ကျွန်တော့် သူငယ်ချင်းတွေဆီက ကြားရတယ်။ သူတို့ပြောတာက လာဇက်တီက စိတ်ပိုင်းဆိုင်ရာအရမ်းကောင်းမွန်ပြီး ဂိုးသွင်းဖို့ အမြဲဆာလောင်နေတဲ့ တိုက်စစ်မှူးတစ်ဦးပါ။ အာဆင်နယ်မှာ သူနဲ့တွဲကစားခွင့်ရတော့မှာ စိတ်လှုပ်ရှားစရာပါ။ ဟု အိုဇေးလ်က ပြောသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးမှာ လက်ရှိအပြောင်းအရွှေ့ဈေးကွက်အတွင်း ပြင်သစ်လီဂူးကလပ်အသင်းမှ ကစားသမားများကို ပစ်မှတ်ထားရှာဖွေနေပြီး အာဆင်နယ်အသင်းထံသို့ ပြင်သစ်ကစားသမားများ ထပ်မံရောက်ရှိလာမည်ဟု ခန့်မှန်းနေကြသည်။