ဆန္ဒပြမှု တစ်နှစ်ပြည့် အကြိုတွင် ကက်ရှ်မီးယား၌ လုံခြံုရေးတိုးမြှင့်ချထား

ဆန္ဒပြမှု တစ်နှစ်ပြည့် အကြိုတွင် ကက်ရှ်မီးယား၌ လုံခြံုရေးတိုးမြှင့်ချထား

သီရိနာဂါ၊ ဇူလိုင် ၈ ။             ။ တည်ငြိမ်မှုမဲ့ ကက်ရှ်မီးယားဒေသတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံး ဆန္ဒပြမှုကို ဖြစ်ပွားစေခဲ့သော လူငယ်သူပုန်တစ်ဦး သေဆုံးမှု တစ်နှစ်ပြည့်အကြိုတွင် အိန္ဒိယပိုင် ကက်ရှ်မီးယားဒေသတွင်း လုံခြုံရေး တိုးမြှင့်ချထားသည်။

လုံခြုံရေး မြှင့်တင်လုပ်ငန်းစဉ်များတွင် အင်တာနက်ဆားဗစ်အား ဖြတ်တောက်ခြင်း၊ လူမှုမီဒီယာအား ပိတ်ထားခြင်းနှင့် ခွဲထွက်ရေးခေါင်းဆောင်များကို နေအိမ်တွင် ထိန်းသိမ်းထားရှိခြင်းများ အပါအဝင် လုပ်ငန်းစဉ် တစ်ရာထက်မနည်း ထားရှိသည်ဟု ကက်ရှ်မီးယားရဲထောက်လှမ်းရေးမှူးချုပ် မူနားခန်းက အီးပီအေသတင်းဌာနသို့ ပြောသော်လည်း အသေးစိတ် မထုတ်ပြန်ပေ။

“အင်တာနက် ဖြတ်တောက်မယ်ဆိုတာ အခြေအနေပေါ်မူတည်ပြီးတော့ နေ့စဉ်ထောက်လှမ်း စောင့်ကြည့်မှုအရ လုပ်ဆောင်သွားမှာပါ။ လုံးလုံးလျားလျား ဖြတ်တောက်ပစ်မယ် မဆိုလိုပါဘူး။”ဟု ခန်းက ပြောသည်။

“လိုအပ်တဲ့အခြေအနေအရ တစ်ခါတစ်ရံ အင်တာနက် ဖြတ်တောက်ထားမှာပဲဖြစ်ပါတယ်။”ဟု ၎င်းက ဆိုသည်။

အသက် ၂၂ နှစ်အရွယ် သူပုန်တပ်မှူး ဘာဟန်ဝါနီသည် လူမှုမီဒီယာတွင် အလွန်ကျော်ကြားခဲ့သူဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များနှင့် တိုက်ပွဲတစ်ရပ်အတွင်း သေဆုံးခဲ့သည်။

၎င်းသေဆုံးမှုကြောင့် ဒေသတွင်း ပြင်းထန်သည့် ဆန္ဒပြမှုများ ပေါ်ပေါက်ကာ ကာဖျူးမိန့် ရေရှည် ကျင့်သုံးခဲ့ရသကဲ့သို့ ဒေသကိုလည်း ပိတ်ဆို့ထားခဲ့ရသည်။

“ခုလုပ်ဆောင်တဲ့ လုံခြုံရေးလုပ်ငန်းစဉ်အားလုံးဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေး အကျိုးစီးပွားအတွက်ပဲဖြစ်တယ်။”ဟု ခန်းကဆိုပြီး ဖြစ်လာနိုင်တဲ့ ပြဿနာအဝဝအတွက် ၎င်းတို့က ပြင်ဆင်ထားရခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly