ရန်ကုန်၊ ဇူလိုင် ၇ ။ ။ သီပေါအကျဉ်းထောင်တွင် မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အရေးယူဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းထောက် ၃ ဦးကို ဇူလိုင် ၇ရက် နံနက်က သီပေါမြို့နယ် တရားရုံးတွင် ရုံးထုတ်ပြီး တရားစွဲဆိုလိုက်သည်ဟု သိရသည်။
"ရမန်ယူတာပါ၊ နောက်တော့ ရုံးထုတ်မယ့် ရက်ကို ပြောင်းလိုက်တာပါ။ ၂၁ ရက်နေ့ကို ပထမက ၁၁ ရက်နေ့ ထုတ်မယ်လုပ်ထားတာကို နောက် ရွေ့လိုက်တာပေါ့" ဟု DVB သတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ Bureau Chief ဦးတိုးဇော်လတ်က မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေဆိုခဲ့သည်။
အဆိုပါအမှုအား မူလက ဇူလိုင်လ ၁၁ ရက်တွင် ရုံးထုတ်စစ်ဆေးမည်ဟု ထုတ်ပြန်ထားသော်လည်း ဇူလိုင် ၇ ရက်တွင် ရုံးထုတ်ပြီး ချုပ်ရက် ရမန်ယူခဲ့ခြင်းဖြစ်သည်။
အဆိုပါအမှုနှင့် ပတ်သက်ပြီး တပ်မတော်က မတရားအသင်းဥပဒေပုဒ်မ ၁၇(၁) ဖြင့် သီပေါမြို့နယ်တွင် အမှုဖွင့်ထားရာမှ နမ့်ဆန်မြို့နယ်တွင် ပြောင်းလဲအမှုဖွင့်ထားခဲ့သည်။
TNLA နယ်မြေ၌ ကျင်းပသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအခမ်းအနားသို့ သတင်းသွားယူပြီး ပြန်လာသည့် DVB သတင်းဌာနမှ ကိုအေးနိုင်၊ ပြည့်ဖုန်းနိုင်နှင့် ဧရာဝတီသတင်းဌာနမှ ကိုသိန်းဇော်တို့အား တပ်မတော်မှ ဇွန်လ ၂၆ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ သတင်းသမားများ ဖမ်းဆီးထိန်းသိမ်းခံရခြင်းနှင့်ပတ်သက်ပြီး သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ် ထိခိုက်မှုများ ရှိလာနေပြီဖြစ်သည်ဟု သတင်းစာဆရာများက မှတ်ချက်ပြုပြောဆိုမှုများ ရှိနေခဲ့ပြီး ယင်းသတင်းသမားများကို ပြန်လွှတ်ပေးရန် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားခဲ့သည်။