မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် မက္ကစီကိုသမ္မတနှင့် အမေရိကန်ပြည်တွင်းလုံခြံုရေး အကြီးအကဲတို့ ဆွေးနွေး

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် မက္ကစီကိုသမ္မတနှင့် အမေရိကန်ပြည်တွင်းလုံခြံုရေး အကြီးအကဲတို့ ဆွေးနွေး

ဇူလိုင် ၆ ။              ။ အမေရိကန်ပြည်တွင်း လုံခြုံရေးအကြီးအကဲဖြစ်သူ ဂျွန်ကယ်လီနှင့် မက္ကစီကိုသမ္မတ အင်းနရစ်ပီနာနီယက်တို တို့သည် နှစ်နိုင်ငံပူးပေါင်းကာ မူးယစ်ရာဇာကြီးများကို တိုက်ဖျက်မည့်ကိစ္စနှင့် ပက်သက်၍ ဗုဒ္ဓဟူးနေ့က ပြောဆိုဆွေးနွေးခဲ့ကြကြောင်း အာဏာပိုင်များက ထုတ်ပြန်ကြေညာခဲ့ကြသည်။

ကယ်လီနှင့် ပီနာနီယက်တိုတို့သည် ၎င်းတို့နှစ်နိုင်ငံကြား တာဝန်ရှိသည်ဟု မှတ်ယူထားသည့်အတိုင်း စနစ်တကျစီစဉ်ပြီး ကျူးလွန်နေကြတဲ့ ရာဇဝတ်မှုများအား ဆက်လက်ပြီးပူးပေါင်းဖြေရှင်းကြဖို့ကို အဓိကထားပြီး ပြောဆိုဆွေးနွေးခဲ့ကြောင်း မက္ကစီကိုသမ္မတရုံးမှ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မက္ကစီကိုမှ မူးယစ်ရာဇာများအတွက် အမေရိကန်ပြည်ထောင်စုအတွင်းသို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချ ခြင်းသည် ဒေါ်လာဘီလျံပေါင်းများစွာ ရရှိနိုင်သော စီးပွားရေးတစ်ခုဖြစ်ပြီး ထိုသူတို့ကြောင့် နှစ်နိုင်ငံမှ လုံခြုံရေး ခေါင်းဆောင်များသည် အမြဲတစေခေါင်းခဲနေကြရသည်။

ဒါ့အပြင်ကယ်လီနှင့် ပီနာနီယက်တိုတို့သည် ရွှေ့ပြောင်းနေထိုင်မှု၊ ကုန်သွယ်ရေးကိစ္စများနှင့် ပက်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

သမ္မတဒေါ်နယ်ထရမ့်က မက္ကစီကိုရွှေ့ပြောင်းနေထိုင်သူများသည် ရာဇဝတ်ကောင်များ၊ မူးယစ်ရောင်းဝယ်သူ များနှင့် မုဒိမ်းကောင်များဖြစ်ကြသည်ဟု ထိုးနှက်ခဲ့ပြီး နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် အားသွန် ခိုက်စိုက် လုပ်ဆောင်နေသောကြောင့် အမေရိကန်နှင့် မက္ကစီကိုကြားရှိ ဆက်ဆံရေးတင်းမာနေချိန်တွင် ယခုလိုတွေ့ဆုံမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခုအကြိမ်သည် ကယ်လီ၏ မက္ကစီကိုသို့ ဒုတိယအကြိမ်လာရောက်သည့် ခရီးစဉ်ဖြစ်သည်။ လွန်ခဲ့သော ဖေဖေါ်ဝါရီလကလည်း သူသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာနှင့်အတူ မက္ကစီကိုသို့ လာရောက်လည်ပတ်ခဲ့သည်။

ထရမ့်နှင့် ပီနာနီယက်တိုတို့သည် လာမည့်သောကြာနေ့တွင် ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့၌ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးစည်းဝေးပွဲတွင် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags