အီတလီမာဖီးယားဂိုဏ်းအား စပိန်၊ အီတလီနှင့် ဂျာမနီသုံးနိုင်ငံပေါင်းကာ နှိမ်နင်း

အီတလီမာဖီးယားဂိုဏ်းအား စပိန်၊ အီတလီနှင့် ဂျာမနီသုံးနိုင်ငံပေါင်းကာ နှိမ်နင်း

ဘာစီလိုနာ၊ ဇူလိုင် ၅ ။          ။ အီတလီ မာဖီးယား ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည့် ကမ်မိုရာဂိုဏ်း လှုပ်ရှားလုပ်ဆောင်နေသည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှုကို စပိန်နိုင်ငံ၌ နှိမ်နင်းရာတွင် သံသယရှိသူ ၁၃ ဦးအား ဘာစီလိုနာရဲတပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း စပိန်တာဝန်ရှိသူများက ဇူလိုင် ၅ ရက်၌ ပြောသည်။
 
ဥရောပရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ နိုင်ငံအသီးသီးတွင် ဆောင်ရွက်ကြသော စစ်ဆင် နှိမ်နင်းမှုအတွင်း အီတလီတွင် ၁၄ ဦးနှင့် ဂျာမနီတွင် နှစ်ဦး ဖမ်းဆီးရမိကြောင်း သိရသည်။

ဘာစီလိုနာတွင် ဖမ်းဆီးမိသူများတွင် အီတလီ ရှစ်ဦး၊ စပိန်အချို့၊ ဗင်နီဇွဲလား၊ ချီလီနှင့် ကိုလံဘီယာနိုင်ငံသားများ ပါဝင်ပြီး ၎င်းတို့အား ဥရောပနိုင်ငံများအနှံ့ ရာဇဝတ်ဂိုဏ်းတွင် ပါဝင်မှု၊ ငွေကြေးခဝါချမှုနှင့် ဆေးခြောက်နှင့် ကိုကင်း ကုန်ကူးမှုများဖြင့် စွဲဆိုဖမ်းဆီးထားခြင်းဖြစ်သည်။

စပိန်၊ အီတလီနှင့် ဂျာမနီသုံးနိုင်ငံက လုံခြုံရေးအေဂျင့်များ၏ ယခုစစ်ဆင်ရေးအတွင်း ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် အမေရိကန်ဒေါ်လာ ၅ ဒဿမ ၆ သန်းအားလည်း သိမ်းဆည်းရမိသည်။

စားသောက်ဆိုင်များ၊ ကားအရောင်းအဝယ်နှင့် ကျောက်မျက်လုပ်ငန်း စီးပွားရေးများကို ဗန်းပြပြီး မူးယစ်ဆေးဝါးမှရသည့် ငွေကြေးကို ခဝါချနေသည်ဟု ယူဆထားသော ကမ်မိုရာ မာဖီးယားဂိုဏ်းအား အေဂျင့်များက လပေါင်းများစွာ ထောက်လှမ်းနေခဲ့ခြင်းဖြစ်သည်။

စစ်ဆင်ရေးအတွင်း အီတလီ-စပိန်ပူးပေါင်းထောက်လှမ်းမှု၌ ကိုကင်း ၅၂၀ ကီလိုဂရမ်နှင့် ဆေးခြောက် ၄၅၀ ကီလိုဂရမ်အား သိမ်းဆည်းရမိသည်။

ကမ်မိုရာအဖွဲ့သည် မာဖီးယားစတိုင် နိုင်ငံတကာရာဇဝတ်ဂိုဏ်းတစ်ဂိုဏ်းဖြစ်ကာ စပိန်တောင်ပိုင်း နီပယ်မြို့တွင် အခြေစိုက်ထားသည့် ဂိုဏ်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly