အမြင်မသန်စွမ်းသူ ထိုးကြိတ်ခံရမှု တွင် သက်သေအားနည်းချက်များရှိဟု ဆို

အမြင်မသန်စွမ်းသူ ထိုးကြိတ်ခံရမှု တွင် သက်သေအားနည်းချက်များရှိဟု ဆို

ရန်ကုန်၊ ဇူလိုင် ၅ ။        ။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ဖုန်းပြင်ဆိုင်ဆိုင်းဘုတ်ကို ကားနဲ့တိုက်မိရာကနေ ဖုန်းပြင်တဲ့ အမြင်အာရုံမသန်စွမ်း ကိုခင်မောင်သန်းနှင့် စကားများ ထိုးကြိတ်မှုဖြစ်ပွားခဲ့ပြီး ယနေ့ ဇူလိုင်၄ရက် လှိုင်မြို့နယ်တရားရုံး၌ အဆိုပါအမှု၏ ၆ကြိမ်မြောက်ရုံးချိန်း ပြုလုပ်ခဲ့သည်။

ယနေ့ ရုံးချိန်းတွင် အမြင်အာရုံမသန်စွမ်းသူ ကိုခင်မောင်သန်း၏မိခင်က သက်သေထွက်ဆိုခဲ့ရပြီး ယနေ့ရုံးထုတ်မှာ သက်သေပြရန်အတွက်အားနည်းချက်တွေရှိနေကြောင်း အထက်တန်းရှေ့နေ ဦးညီညီထွေးကပြောသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ၊ မတ်လ ၁၀ ရက်က လှိုင်မြို့နယ်(၁၀)ရပ်ကွက် လှိုင်မြင့်မိုရ်အိမ်ရာတွင် အမြင်အာရုံမသန်စွမ်းသူ ကိုခင်မောင်သန်းကို ရပ်ကွက်ခံအချို့က ထိုးကြိတ်ခဲ့သဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

"အားနည်းချက်ကို ကျွန်တေ်ာစပြောမယ်နော်။ အားနည်းချက်က ဘာလဲဆိုတော့ဖြစ်တာက ဟိုဘက် ကိုဟန်ထွန်းတို့ ရပ်ကွက်မှာဖြစ်တာ။ ဖြစ်တယ်ဆိုတော့ ပတ်ဝန်းကျင်မှာ မြင်တဲ့သူတွေကတော့ အများကြီးပေ့ါ။ အဲ့ဒီ့မြင်တဲ့သူတွေကလည်း သက်သေမလိုက်ရဲကြဘူး။ အကြောင်းအမျိုးမျိုးကြောင့်မိုလို့ ရင်းနှီးလို့ ကြောက်လို့ စသည်ဖြင့်ပေ့ါ အဲ့ဒါက သူတို့ရဲ့အပိုင်းလေ။ အဲ့တော့ ကိုယ့်ဘက်ကနေ အရိုက်ခံရတဲ့ သူဘက်သက်သေပြဖို့တော့ အားနည်းတာပေ့ါ။ ကျွန်တော်တို့ဘက်ကတော့ သိတဲ့သူတွေ နောက်တိုးလျှောက်ဖို့တော့ အစီအစဉ်ရှိပါတယ်။လျှောက်လည်းလျှောက်မှာပါ" ဟု အထက်တန်းရှေ့နေ ဦးညီညီထွေးက ပြောသည်။

အမြင်အာရုံမသန်စွမ်းသူ ကိုခင်မောင်သန်းကို ထိုးကြိတ်သည်ဟု စွပ်စွဲခံထားရသည့် ကိုဟန်ထွန်နှင့်သူငယ်ချင်းများကို ညစ်ညမ်းစွာပြောဆိုမှု ပုဒ်မ (၂၉၄)၊ အပြင်းအထန်နာကျင်စေမှု (ပုဒ်မ၃၂၅)၊ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ(၁၁၄) တို့ဖြင့် ကိုခင်မောင်သန်းက အမှုဖြစ်ပြီး လေးရက်မြောက်မှာ လှိုင်မြို့နယ်ရဲစခန်းမှာ အမှုဖွင့်ခဲ့သည်။

မသန်စွမ်းများအတွက် အကာအကွယ်များနည်းပါးနေပြီး ထိရောက်မှုအားနည်းနေကြောင်း လှိုင်သာယာ မသန်စွမ်းသူများ အသင်းမှ ဒေါ်နွယ်နွယ်ဝင်းက ပြောသည်။

" ဖြစ်တဲ့အမှုတွေကလည်း မသန်စွမ်းတွေ အကာအကွယ်နည်းပါးနေတယ်ပေ့ါနော်။ နောက်ပြီးသူတို့အခွင့်အရေးတွေကို သူတို့တောင်းဆိုရမှန်းမသိတာတွေပါတယ်။ မသန်စွမ်းဥပဒေအခွင့်အရေးတွေ ရှိတယ်။UNTRPT ဆိုတဲ့ အခွင့်အရေးတွေလည်း ရှိတယ်။ အဲ့ဟာတွေကလည်း တကယ်ထိရောက်မှုကို နည်းနေတာလည်းပါတယ်။ မသန်စွမ်းကိုယ်တိုင်က ကိုယ့်ရဲ့အခွင့်အရေးကို မလေ့လာထားတာ ပါတယ်။ အဲ့ဒါကြောင့်အခွင့်အရေးတွေဆုံးရှုံးနေတာ"ဟု လှိုင်သာယာမသန်စွမ်းသူများအသင်းမှ ဒေါ်နွယ်နွယ်ဝင်းက ဆိုသည်။

ကိုခင်မောင်သန်းအမှုဖွင့်ပြီး (၁၀)ရက်ခန့်တွင် ဆေးဖိုး ၁သိန်းခွဲနှင့် ကျေအေးပေးရန်အတွက် ကိုဟန်ထွန်းက ရပ်ကွက်လူကြီးများနှင့် လာရောက်ညှိနှိုင်းခဲ့ပါသည်။ ထို့နောက် ခံဝန်လက်မှတ်ထိုးရန် ညှိနှိုင်းရာကနေ အဆင်မပြေဘဲ ကိုဟန်ထွန်းက ကိုခင်မောင်သန်းကို ညစ်ညမ်းစွာပြောဆိုမှု ပုဒ်မ ၂၉၄၊ အပြင်းအထန်နာကျင်စေမှု ပုဒ်မ၃၂၅၊ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှု ပုဒ်မ၁၁၄ တို့ဖြင့်   ပြန်ပြီး အမှုဖွင့်ခဲ့သည်။

"ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေ ကျွန်တော်တို့မသန်စွမ်းတွေ တရားမျှတတဲ့ တရားတဲ့ဥပဒေစိုးမိုးဖို့အတွက်ပေ့ါနော် ကျွန်တော်အားတင်းပြီးတော့ ဆက်လုပ်သွားပါမယ်"ဟု အမြင်အာရုံမသန်စွမ်းသူ ကိုခင်မောင်သန်းက ပြောသည်။

အဆိုပါအမှု၏(၇) ကြိမ်မြောက်ရုံးချိန်းအား လှိုင်မြို့နယ်တရားရုံးတွင် ဇူလိုင်လ (၁၇)ရက် နေ့လည်၁နာရီသို့ ထပ်မံချိန်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly