ပဲ့ထိန်းဒုံးကျည်တစ်စင်း မြောက်ကိုရီးယားတို့ ပစ်လွှတ်ပြန်

ပဲ့ထိန်းဒုံးကျည်တစ်စင်း မြောက်ကိုရီးယားတို့ ပစ်လွှတ်ပြန်

ဇူလိုင် ၄ ။             ။ ပဲ့ထိန်းဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယားတို့ ဇူလိုင် ၄ ရက်က ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

လက်ရှိကာလတွင် မြောက်ကိုရီးယား၏ နျူကလီးယားရည်မှန်းချက်များနှင့်ပတ်သက်၍ နိုင်ငံတကာနှင့်အကြား တင်းမာမှုများ ပိုမိုမြင့်တက်လာနေချိန် ယခုကဲ့သိ့ု နောက်ထပ်ဒုံးကျည်တစ်စင်းကို ပြုံယမ်းအာဏာပိုင်တို့က စမ်းသပ်ပစ်လွှတ်လိုက်ခြင်းပင် ဖြစ်သည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့ တွေ့ဆုံပြီး မြောက်ကိုရီးယားအရေး ဆွေးနွေးမှုများလုပ်ဆောင်ထားခဲ့ပြီး များမကြာမီမှာပဲ ယခုကဲ့သို့ ပြုံယမ်းဘက်က ဒုံးကျည်ပစ်လွှတ်မှုထပ်လုပ်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပဲ့ထိန်းဒုံးကို North Phyongan ဒေသရှိ နေရာတစ်ခုမှ ပစ်လွှတ်လိုက်ခြင်းဖြစ်ကြောင်းနှင့် ဂျပန်ပင်လယ်တွင်းသို့ ကျရောက်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်အာဏာပိုင်များက ထုတ်ပြန်သည်။

ယင်း ဒုံးကျည်မှာ ကီလိုမီတာ ၉၃၀ ကျော်ထိ ပျံသန်းခဲ့ကြောင်း ၎င်းတို့က ဖြည့်စွက်ပြောကြားသည်။

ဂျပန်နိုင်ငံတာဝန်ရှိသူများက ပြောကြားရာတွင်လည်း မြောက်ကိုရီးယားတို့ ပစ်လွှတ်လိုက်သော အဆိုပါ ဒုံးကျည်မှာ ၎င်းတို့နိုင်ငံရှိ အထူးစီးပွားရေးအဖြစ် သတ်မှတ်ထားရာ ပင်လယ်ရေပြင်ဧရိယာတွင်း ကျရောက်ခဲ့နိုင်ကြောင်း ပြောဆိုသည်။

ယခု ဒုံးကျည်ပစ်လွှတ်မှုနဲ့အတူ ယခုအခါ မြောက်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုက ပိုမိုကြီးထွားလာခဲ့ပြီဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။

" ဒီ ပဲ့ထိန်းဒုံးက မိနစ် ၄၀ လောက် ပျံသန်းခဲ့ပါတယ်၊ ဒီပစ်လွှတ်မှုကို ဂျပန်နိုင်ငံအနေနဲ့ ပြင်းထန်စွာ ပြစ်တင်ရှုတ်ချပါတယ်" ဟုလည်း ဂျပန်အစိုးရအဖွဲ့အတွင်းရေးမှူး ယိုရှီဟိုက် ဆူဂါက ထုတ်ပြန်ပြောဆိုသွားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags