လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို ခေါ်ယူရန် အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

လိုင်ယွန်တိုက်စစ်မှူး လာကာဇက်တီကို ခေါ်ယူရန် အာဆင်နယ်အသင်း သဘောတူညီမှုရရှိ

ဇူလိုင် ၃၊ အင်္ဂလန် ။                   ။ အာဆင်နယ်အသင်းသည် ပြင်သစ်တိုက်စစ်မှူးလာကာဇက်တီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၄ သန်းဖြင့် ခေါ်ယူရန် လိုင်ယွန်အသင်းနှင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

ထိုပြောင်းရွှေ့ကြေးပမာဏမှာ ၂၀၁၃ ခုနှစ်က အိုဇေးလ်ကိုခေါ်ယူခဲ့သည့် ပေါင် ၄၂.၅ သန်းထက်ကျော်လွန်ပြီး အာဆင်နယ်အသင်း၏ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာမည်ဖြစ်သည်။ လာကာဇက်တီသည် လာမည့် ၄၈ နာရီအတွင်း ဆေးစစ်မှုများပြုလုပ်ရန် လန်ဒန်သို့ လာရောက်မည် ဖြစ်သည်။

လာကာဇက်တီမှာ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကြိုက်နှစ်သက်သည့် တိုက်စစ်မှူးဖြစ်သည်။ ထို့ကြောင့် အာဆင်နယ်အသင်းသည် ပြီးခဲ့သည့်ရာသီကတည်းက ပေါင် ၂၉ သန်းဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရခဲ့ပေ။ ယခုနှစ်အပြောင်းအရွှေ့ရာသီအစောပိုင်းကလည်း ပေါင် ၃၉.၅ သန်းဖြင့် ကမ်းလှမ်းခဲ့သေးသည်။ သို့သော် လိုင်ယွန်အသင်းဘက်က ငြင်းပယ်ခဲ့သည်။

လာကာဇက်တီသည် လိုင်ယွန်အသင်းအတွက် ပွဲပေါင်း ၂၇၅ ပွဲကစားထားပြီး ၁၂၉ ဂိုးသွင်းယူထားသူ ဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ၄၅ ပွဲတွင် ၃၇ ဂိုးသွင်းယူခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly