လက်ပံတန်းမြို့တွင် သားဖြစ်သူက တံစဉ်ဖြင့် ပစ်ပေါက်၍ ဖခင်ဖြစ်သူ သေဆုံး

လက်ပံတန်းမြို့တွင် သားဖြစ်သူက တံစဉ်ဖြင့် ပစ်ပေါက်၍ ဖခင်ဖြစ်သူ သေဆုံး

လက်ပံတန်း၊ ဇူလိုင် ၁ ။             ။ ပဲခူးတိုင်း သာယာဝတီခရိုင် လက်ပံတန်းမြို့တွင် ရေကြည်ကျေးရွာအုပ်စု ရေကြည်ကျေးရွာတွင် ဇွန်လ ၃၀ ရက်နေ့က သားဖြစ်သူက တံစဉ်ဖြင့် ပစ်ပေါက်သဖြင့် ဖခင်ဖြစ်သူ သေဆုံးခဲ့ရကြောင်း သိရသည်။

“သားက တံစဉ်နဲ့ပေါက်လို့သေတာပါ။ မိခင်ဒေါ်တင်ဝင်းက အမှုဖွင့်တိုင်တန်းထား ပါတယ်။ တရားခံကိုလည်းမိထားပါပြီ”ဟုလက်ပံတန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဖြစ်စဉ်မှာ ဇွန်လ ၃၀ ရက်၊ ညနေ ၄နာရီခွဲအချိန်က ရေကြည်ကျေးရွာ အုပ်စု ရေကြည်ကျေးရွာနေ ဦးအေးလှိုင်ဆိုသူသည် ဇနီးဖြစ်သူ ဒေါ်တင်ဝင်းနှင့် အတူရှိနေစဉ် သားဖြစ်သူဇင်ကိုလတ်အား မိန်းမလျှာစိတ်ပေါက်ကာ မိန်းမအဝတ်အစားများဝတ်၍ သွားလာမှုကို ပြောဆိုရာမှ သားအဖနှစ်ဦး အပြန်အလှန်စကားများခဲ့သည်။

သားဖြစ်သူ ဇင်ကိုလတ်က နေအိမ်အောက်တွင် ရပ်ထားသော ဆိုင်ကယ်အား ခဲဖြင့်ပစ်ပေါက်ရာ ဦးအေးလှိုင်က “မင်းကြိုက်သလိုလုပ် မင်းကိုငါမနိုင်တော့ဘူး။ အုပ်ချုပ်ရေးမှူးကိုသွားတိုင်မယ်” ဟုပြောပြီး နေအိမ်အပြင်သို့ ထွက်သွားခဲ့သည်။

မိခင်ဖြစ်သူ ဒေါ်တင်ဝင်းက သားဖြစ်သူ ဇင်ကိုလတ်အခြားပစ္စည်းများ ထပ်မံဖျက်စီးမည်ကို စိုးရိမ်သဖြင့် ပစ္စည်းများသိမ်းဆည်းနေစဉ် ပတ်ဝန်းကျင်မှ အော်သံကြား၍ ကြည့်ရှုရာ နေအိမ်နှင့် ၂၅ ပေ ခန့် အကွာတွင် ဦးအေးလှိုင်မှာ ဝဲဘက်ရင်အုံတွင် တံစဉ်အားစိုက်လျှက် တွေ့ရှိရသည်။ ၎င်းက တံဇဉ်အား ဆွဲနှုတ်လွင့်ပစ်ကာ အိမ်ရှေ့အိမ်ရှေ့ခြံဝဘက်သို့သွားစဉ် လဲကျသေဆုံးသွားခဲ့သည်။

မိခင်ဖြစ်သူဒေါ်တင်ဝင်းက နင့်အဖေသေ သွားပြီဟု ပြောရာ ဇင်ကိုလတ်က "သားပစ်လိုက်တာ သားအဖမ်း ခံမှာပါ"ဟုပြော၍ တံစဉ်ဖြင့် ပစ်ပေါက်သတ်ခဲ့သော သားဖြစ်သူဇင်ကိုလတ်အား မိခင်ကိုယ်တိုင် အမှု ဖွင့် တိုင်တန်းမှု ပြု လုပ်ခဲ့သည် ။

ဇင်ကိုလတ်ကို သာရဝေါနယ်မြေရဲစခန်းတွင် (ပ) ၁၀၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ  အမှုဖွင့်ဖမ်းဆီး စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly