ဂျာမနီက ၂၃ နိုင်ငံမြောက် လိင်တူလက်ထပ်မှု တရားဝင်ခွင့်ပြုသည့် နိုင်ငံဖြစ်လာ

ဂျာမနီက ၂၃ နိုင်ငံမြောက် လိင်တူလက်ထပ်မှု တရားဝင်ခွင့်ပြုသည့် နိုင်ငံဖြစ်လာ

ဘာလင်၊ဇွန် ၃၀ ။            ။ လွှတ်တော်အမတ်များ၏ မဲပေးမှုဖြင့် ဂျာမနီနိုင်ငံသည် ကမ္ဘာပေါ်တွင် လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုသည့် ၂၃ နိုင်ငံမြောက် ဖြစ်လာပြီဖြစ်သည်။

ပြီးခဲ့သည့် လေးရက်ခန့်က ဝန်ကြီးချုပ် အိန်ဂျလာမာကဲလ် ခွင့်ပြုချက်ဖြင့် အချိန်စော မဲပေးခဲ့ကြသည့် ဇွန် ၃၀ ရက်တွင် လွှတ်တော်အမတ်များက လိင်တူလက်ထပ်ခွင့် တရားဝင်ဖြစ်မှု ဥပဒေကြမ်းအား မဲပေးအတည်ပြုခဲ့ကြခြင်းဖြစ်သည်။

ကလေးမွေးစားမှု အပါအဝင် လိင်တူစုံတွဲများ၏ အခွင့်အရေး အပြည့်အဝပေးသည့် ယင်းဥပဒေကြမ်းကို ဂျာမနီအောက်လွှတ်တော် Bendstag တွင် ထောက်ခံမဲ ၃၉၃ မဲ၊ ကန့်ကွက်မဲ ၂၂၆ မဲဖြင့် အတည်ပြုခြင်း ဖြစ်သည်။

"ဥပဒေက လက်တွေ့အကောင်အထည်ပေါ်မယ့် လမ်းကြောင်းမှာ ရှိနေပါပြီ။ ကမ္ဘာမှာ ၂၃ နိုင်ငံမြောက် လိင်တူလက်ထပ်ခွင့် တရားဝင်ဖြစ်လာမယ့် ဂျာမနီမှာ တူညီမျှတတဲ့ လက်ထပ်ထိမ်းမြားမှု ရှိပြီလည်း ဖြစ်ပါတယ်။ လိင်တူချစ်သူစုံတွဲ အားလုံးအတွက် ကျွန်တော် စိတ်ကျေနပ်မိပါတယ်။"ဟု ဝန်ကြီးချုပ် မာကဲလ် ခွင့်ပြုလိုက်သော မဲပေးမှုတွင် အနိုင်ရအောင် ကြိုးပမ်းနိုင်ခဲ့သည့် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ SPD မှ မာတင်ရှော်က တွစ်တာတွင် ရေးသားသည်။

SDP ပါတီသည် ဝန်ကြီးချုပ်မာကဲလ်၏ ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံပါတီနှင့် ညွန့်ပေါင်းဖွဲ့ထားပြီး အစိုးရ ဝန်ကြီးနေရာအချို့ ရရှိထားသည့် ပါတီဖြစ်သည်။

ဝန်ကြီးချုပ် မာကဲလ်ကမူ တစ်ကိုယ်ရည်ဆန္ဒသဘောထားအရ လိင်တူလက်ထပ်ခြင်းကို လက်မခံကြောင်း ပြောဆိုထားသည်ဟု အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly