အိုင်အက်စ်တို့ ကြေညာထားသည့် ကာလီဖိတ်နိုင်ငံတော်၏ နေဝင်ချိန်ရောက်လာပြီဟု အီရတ်ကြေညာ

အိုင်အက်စ်တို့ ကြေညာထားသည့် ကာလီဖိတ်နိုင်ငံတော်၏ နေဝင်ချိန်ရောက်လာပြီဟု အီရတ်ကြေညာ

ဇွန် ၃၀ ။                   ။ အိုင်အက်စ်အကြမ်းဖက်သမားတို့ ကြေညာထားခဲ့တဲ့ ကာလီဖိတ်နိုင်ငံတော်ဟာ ယခုဆိုရင် အဆုံးသတ်ပျောက်ကွယ်သွားရမယ့် အခြေအနေကို ရောက်ရှိလာပြီဖြစ်ကြောင်း အီရတ်အစိုးရက ဇွန်လ ၂၉ ရက်မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။

အဆိုပါ အကြမ်းဖက်အဖွဲ့ ထိန်းချုပ်ထားခဲ့တဲ့ နယ်မြေ မိုဆူးလ်မြို့က အထင်ကရ နျူရီ ဗလီကြီးကို အီရတ်တပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်ရယူနိုင်ခြင်းနဲ့အတူ ယခုလို အကြမ်းဖက်အဖွဲ့ရဲ့ ကာလီဖိတ်နိုင်ငံတော် ခေတ်ကုန်ချိန်ရောက်ပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

အစ္စလမ္မစ် ဂျီဟက်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ နယ်မြေတွေကို သိမ်းပိုက်ခဲ့ပြီး လွန်ခဲ့တဲ့သုံးနှစ်အကြာ ၂၀၁၄ ဇွန်လ ၂၉ ရက်တုန်းက ၎င်းတု့ိကိုယ်ကိုယ် အစ္စလမ္မစ်နိုင်ငံတော် သို့မဟုတ် ကာလီဖိတ်နိုင်ငံတော် ထူထောင်ကြောင်း ကြေညာထားခဲ့တာဖြစ်ပါတယ်။

ယင်း ကာလီဖိတ်နိုင်ငံတော်ထူထောင်ကြောင်း ကြေညာပြီးနောက်ပိုင်း အဆိုပါ အကြမ်းဖက်အဖွဲ့ဟာ မကြာခဏဆိုသလို အဓမ္မဖမ်းဆီး ခေါင်းဖြတ်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ပြီး ယင်း ကွပ်မျက်ပုံတွေ ကိုလည်း ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့တကွ အွန်လိုင်းပေါ် တင်ခဲ့တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

" အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့ဝင်တွေက ခုဆိုရင် နျူရီ ဗလီနဲ့ အယ်လ် ဟက်ဒ်ဘာ မျှော်စင်တို့ကို အကြမ်းဖက်သမားတွေလက်ကနေ ပြန်လည်ရယူထိန်းချုပ်လိုက်နိုင်ပါပြီ" လို့ အီရတ်ရဲ့ ပူးတွဲစစ်ဆင်ရေးတပ်မက ထုတ်ပြန်ပါတယ်။

တစ်ချိန်တည်းမှာပဲ ယခုလို မိုးလ်ဆူးမြို့က နျူရီ ဗလီကြီးကို ပြန်လည်သိမ်းပိုက်လိုက်နိုင်တာကို ကြည့်ရင် အိုင်အက်စ်အဖွဲ့ ကျဆုံးခါနီးနေပြီ ဖြစ်တယ်ဆိုတာကို ဖော်ညွန်းနေတယ်ဆိုပြီးတော့လည်း အီရတ်ဝန်ကြီးချုပ် ဟေဒါ အယ်လ် အဘာဒီက ကြုံးဝါးပြောဆိုသွားပါတယ်။

" အတုအယောင် ကာလီဖိတ်နိုင်ငံတော်ရဲ့ အဆုံးသတ်ချိန်ကို ကျွန်တော်တို့မြင်နေရပါပြီ" လို့ ဝန်ကြီးချုပ် အဘာဒီက ပြောပါတယ်။

တစ်ချိန်တည်းမှာလဲပဲ ယင်းအကြမ်းဖက်အဖွဲ့ရဲ့ အဆုံးသတ်ချိန်ရောက်ဖိ့ု နီးလာပြီဖြစ်ကြောင်း အမေရိကန်ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့ဆန့်ကျင်တိုက်ထုတ်ရေး ညွန့်ပေါင်းအဖွဲ့ကလည်း ပြောပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း အိုင်အက်စ်အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘက်ကာ အယ်လ်ဘဂ္ဂဒီတစ်ယေက် သေသလားရှင်သလား ရှင်းရှင်းလင်းလင်း မသိရသေးဘဲ ၎င်းရဲ့အကြမ်းဖက်အဖွဲ့ဟာ ဆိုရင်လည်းပြီးခဲ့တဲ့ ၂၀၁၄ နောက်ပိုင်း နယ်မြေအများအပြားကို ပြန်လည်လက်လွှတ်ဆုံးရှုံးထားခဲ့ပြီဖြစ်ပါတယ်။  ဒါပေမယ့်လည် လက်ရှိအချိန်ထိတော့ ယင်းအကြမ်းဖက်အဖွဲ့က အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ နယ်မြေတစ်ချို့ကို ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags