မင်္ဂလာဒုံလေးလောင်းပြိုင်လူသတ်မှုတွင် ကန့်လန့်ပုံဓားထိုးသွင်းဒဏ်ရာ ၄ ချက်သည် မိမိကိုယ်ကို ထိုးသွင်းဒဏ်ရာဟု အတည်ပြု

မင်္ဂလာဒုံလေးလောင်းပြိုင်လူသတ်မှုတွင် ကန့်လန့်ပုံဓားထိုးသွင်းဒဏ်ရာ ၄ ချက်သည် မိမိကိုယ်ကို ထိုးသွင်းဒဏ်ရာဟု အတည်ပြု

ဇွန်လ ၃၀ ။            ။ လွန်ခဲ့သည့် တစ်နှစ်ခန့်က မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်နယ်မြေရဲစခန်းအပိုင်တွင် ဖြစ်ပွားခဲ့သော (၄)လောင်းပြိုင်လူသတ်မှု စစ်ဆေးတွေ့ရှိမှု အခြေအနေများကို  မှုခင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ရာ  အိမ်ရှင်ဖြစ်သူ သေဆုံးသူ ရဲတပ်ဖွဲ့ဝင်ဟောင်း  စိုးနောင်၏ ခန္ဓာကိုယ်တွင် တွေ့ရှိရသော ကန်လန့်ပုံ ဓားထိုးသွင်း ဒဏ်ရာ(၄)ချက်သည် မိမိကိုယ်ကို ထိုးသွင်းရရှိသည့် ဒဏ်ရာဖြစ်ကြောင်း မှုခင်းဆရာဝန်ကြီးမှ အတည်ပြုပြောကြားခဲ့သည်ဟု ပါရှိသည်။

“ သေဆုံးသူ စိုးနောင်၏ ကိုယ်ပေါ်တွင် တွေ့ရှိရသော ကန်လန့်ပုံ ဓားထိုးသွင်း ဒဏ်ရာ(၄)ချက်သည်လည်း သေဆုံးသူအနေဖြင့် စိတ်အခြေအနေမှာ ပုံမှန်မဟုတ်သော စိတ်ခံစား မှုမျိုး ဖြစ်ပေါ်ချိန်၌ မိမိကိုယ်ကို ထိုးသွင်းရရှိသည့် ဒဏ်ရာဖြစ်ကြောင်း မှုခင်းဆရာဝန်ကြီးမှ အတည်ပြုပြောကြားခဲ့သည့်အပြင် အလားတူ အခြားသာဓက ဖြစ်စဉ် မှုခင်းများလည်းရှိကြောင်း စိစစ်တွေ့ရှိရပါသည်” ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ ပတ္တမြားမြို့သစ်၊ မြအေးချမ်းသာလမ်း၊ အမှတ် (မရှိ)တွင် မိသားစု ၄ ဦးနေအိမ်အတွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ဒေါ်ရီရီနွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

၎င်းမှာ ရွှေပြည်သာ မြို့နယ်မှ ပြန်လာစဉ် ခြံဝန်းတံခါးနှင့် အိမ်ရှေ့တံခါးမကြီးမှာ ပိတ်ထားသဖြင့် အိမ်နီးချင်း မခင်မာချို၊ မအိဖြူနှင့် ကိုကျော်ရွှေတို့နှင့်အတူ ခေါင်းရင်းဘက်ရှိ ပြတင်းတံခါးမှတစ်ဆင့် နေအိမ် အတွင်း ဝင်ရောက်ကြည့်ရှုရာ သားမက်ဖြစ်သူ စိုးနောင်(၃၇)နှစ်နှင့် မြေးဖြစ်သူ မောင်ဟန်သူရ (၁၃)နှစ်တို့သည် အိမ်ရှေ့ခန်း၌ လည်းကောင်း၊ သမီးဖြစ်သူ မချယ်ရီပွင့်(၃၄)နှစ်သည် မီးဖိုခန်း၌ လည်းကောင်း၊ မြေးဖြစ်သူ မောင်စွမ်းထက်မြတ်(၈)နှစ်သည် အိပ်ခန်းအတွင်းရှိ အိပ်ယာပေါ်တွင် လည်းကောင်း၊ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီး ထောက်ကြန့်နယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ကာ  ယင်းအမှုကို မှုခင်းရဲတပ်ဖွဲ့မှ လွှဲပြောင်းလက်ခံစစ်ဆေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ နေအိမ်အတွင်းသို့ ပြစ်မှုကျူးလွန် သူများ ဝင်/ထွက်နိုင်သည့် လမ်းကြောင်းနှင့် အခြားထူးခြားမှု သဲလွန်စများဖော်ထုတ် တွေ့ရှိမှု မရှိခြင်း၊ နေအိမ်ဧည့်ခန်းအတွင်းရှိ စားပွဲပေါ်တွင် အခင်းမဖြစ်မီညက သေဆုံးသူ မချယ်ရီပွင့်၏ ဖခင် ဦးခွန်နောင် ပေးထားသော ငွေစက္ကူရောရာ (၁၀၅,၀၀၀)ကျပ်မှာလည်း ပုံမပျက်ရှိနေခြင်း၊ သေဆုံးသူ မချယ်ရီပွင့်၏ စိန်နားကပ်မှာ ဝတ်ဆင်ထားလျက် တွေ့ရှိရခြင်းတို့ကြောင့် ပစ္စည်းတစ်စုံ တစ်ရာ ရယူလိုမှုကြောင့် လူသတ်လုယက်ခံရခြင်းမဟုတ်ကြောင်း ယူဆနိုင်ခဲ့ပါသည်ဟု ဖော်ပြထားသည်။

ထို့နောက် အိမ်ရှင်လင်မယား ၂ ဦးနှင့် ပတ်သက်ပြီး စစ်ဆေးဖော်ထုတ်တွေ့ရှိရချက်များကို မှုခင်းရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားရာ  အမျိုးသားဖြစ်သူမှာ  ပေးဆပ်ရန် အကြွေး ၁၇ သိန်းရှိခြင်း ၊ အမျိုးသမီးဖြစ်သူမှာ ခြေဖဝါးနှစ်ဖက်တွင် အကြွေးပေးရန်ရှိသူ၏ အမည်အား မှင်ဖြင့်ရေးသား၍ ယတြာချေထားခြင်းများအပြင် အဆိုပါမိသားစုမှ မှော်၊ ကဝေ၊ သရဲ စာအုပ်များ ဝယ်ယူဖတ်ရှုထားကြောင်း တွေ့ရှိရသည်ဟု  ဖော်ပြထားသည်။ အမျိုးသမီးဖြစ်သူမှာ တခါတရံ အရက်နှင့် ဝိုင်ကို သောက်တတ်ကြောင်း၊ သောက်လက်စ Grand Royal ပုလင်း တွေ့ရှိခြင်း၊ အစာအိမ်အရည်တွင် အရက်ပါဝင်မှု (ဝ.၁၆)ရာခိုင်နှုန်း တွေ့ရှိခဲ့ရသည်ဟု ပါရှိသည်။

ထို့ပြင် သေဆုံးသူ စိုးနောင်အနီးမှ တွေ့ရှိသော ဓားမှာ သေဆုံးသူ၏ ကိုယ်ပိုင်ဓားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဓားပေါ်ရှိသွေးများမှာ သေဆုံးသူ စိုးနောင်၊ မချယ်ရီပွင့်၊   မောင်ဟန်သူရနှင့်   မောင်စွမ်းထက်မြတ် တို့၏ DNA များသာ တွေ့ရှိ ရကြောင်း ထုတ်ပြန်ထားသည်။

ယင်းမိသားစုသည် သေဆုံးချိန်အထိ အိမ်ထောင်ရေး ပြဿနာများ၊ လူမှုရေးပြဿနာများရှိနေခဲ့ကြောင်း  ပါရှိကာ ထို့ကြောင့် သေဆုံးသူ စိုးနောင်သည် အအိပ်အစားပျက်မှုများ၊ စိတ်မတည်ငြိမ်မှုဖြစ်ပေါ်လျက်ရှိကြောင်း ပတ်ဝန်းကျင်သက်သေများ၏ ထွက်ဆိုချက်များအရ သိရှိရပါသည်ဟု ဖော်ပြထားသည်။

အဆိုပါ လေးလေားပြိုင်အမှုကို မှုခင်းရဲတပ်ဖွဲ့က ယင်းသို့ ထုတ်ပြန်ထားပြီး လူမှုကွန်ရက်ပေါ်တွင် ဖော်ပြနေကြသော အဆိုပါအိမ် အရှေ့ ခြံစည်းရိုးဘက်၌ ဓာတ်ပုံရိုက်နေသော မသင်္ကာဖွယ်လူ(၃)ဦး၏ ဓာတ်ပုံနှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု မှုခင်းရဲတပ်ဖွဲ့မှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly