ပုသိမ်၊ ဇွန် ၂၈ ။ ။ ဧရာဝတီတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်းဥပဒေအသစ်ပြဌာန်းနိုင်ရေးအတွက် ခရိုင်များတွင် ဆွေးနွေးပွဲများပြုလုပ်ကာ လွှတ်တော်တွင် ဆွေးနွေးသွားမည်ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။
"အလျင်စလို လုပ်လို့တော့မဖြစ်ဘူး။ ဝန်ကြီး က အသစ်ပဲရေးဆွဲချင်တော့ အချိန်ယူပြီးလုပ်ရမယ်။ ဥပဒေတစ်ခုပြဌာန်းဖို့ အနည်းဆုံးအချိန် ၆လလောက်တော့ကြာမယ် ကောင်းအောင်လုပ်သွားမှာပါ”ဟု ၎င်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးရေချိုငါးလုပ်ငန်းဥပဒေ အသစ်ရေးဆွဲနိုင်ရေး ဆွေးနွေးမှုကို ခရိုင်အဆင့်မှ စတင်ကာ အဆင့်ဆင့်ဆွေးနွေးသွားမည်ဖြစ်ပြီး နောက်ဆုံးအဆင့်အနေဖြင့် တိုင်းလွှတ်တော်တွင် ဥပဒေပြဌာန်းရန် ရည်ရွယ်ထားသည်ဟု ဧရာဝတီတိုင်းလွှတ်တော် ဥက္ကဋ္ဌက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ၆ခုတွင် ရေချိုငါးလုပ်ငန်းဥပဒေနှင့် ပတ်သက်သည့် ဆွေးနွေးများအား ဇူလိုင်လတွင် ကျင်းပရန် ရည်ရွယ်ထားပြီး ခရိုင်ကိုယ်စားလှယ်ရွေးချယ်ခြင်း၊ တိုင်းကိုယ်စားလှယ် ရွေးချယ်ခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
"ဧရာဝတီတိုင်းဒေသကြီးမှာ အင်းပြဿနာ၊ လယ်နဲ့ရေပိုရေလျှံ လယ်သမားက သူ့လယ်ထဲကငါး သူမဖမ်းရဲ၊ လယ်သမားက သူ့ဟာသူထိုင်နေရင်းတောင် ဥပဒေအပြင်ဘက်ရောက်နေသလိုဖြစ်နေတယ်။ ဧရာဝတီတိုင်းဒေသကြီး အင်းများနဲ့ ပဲခူးတိုင်းတို့ တခြားတိုင်းဒေသကြီးတွေနဲ့မတူဘူး”ဟု ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးအောင်ကျော်ခိုင်ကပြောသည်။
အင်းနှင့် ပြဿနာဖြစ်ပွားမှုများပြီး စပါးပင်များ အောင်ရေလိုအပ်ချိန်တွင် ရေရရှိမှုမရှိဘဲ နှစ်စဉ် လယ်များဆုံးရှုံးနစ်နာမှုများဖြစ်ပေါ်နေသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် အင်းပေါင်း ၁၇၇၇အင်းရှိပြီး မြို့နယ်တော်တော်များများတွင် အင်းများတည်ရှိသည်။ ပထမအကြိမ်အစိုးရလက်ထက်တွင် ကျုံပျော်မြို့နယ် အင်းပြဿနာကြောင့် ၂၀၁၂ ခုနှစ်အင်းရာသီတွင် လူသေမှုဖြစ်ပွားခဲ့သည်။
ယခုလက်ရှိအစိုးရလက်ထဲတွင် အင်းသားကြီးများနှင့် ရေလုပ်သား အစုအဖွဲ့များ အင်းကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။