တားမြစ်ဆေးဝါးများ အသုံးပြုထားခြင်း ရှိ မရှိ လူများ မစားသုံးမီ စစ်ဆေးသွားမည်ဟု ပြော

တားမြစ်ဆေးဝါးများ အသုံးပြုထားခြင်း ရှိ မရှိ လူများ မစားသုံးမီ စစ်ဆေးသွားမည်ဟု ပြော

ပုသိမ်၊ ဇွန် ၂၇ ။        ။ ပုသိမ်မြို့မဈေးတွင် အစားအသောက်များ ဈေးကွက် နမူနာကောက်ယူပြီး စစ်ဆေးမှုပြုခဲ့ပြီး လူများ မစားသုံးမီ  စစ်ဆေးသွားမည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန တိုင်းတာဝန်ခံ ဒေါက်တာပြည့်ဖြိုးက ပြောသည်။

ယနေ့ ဇွန်လ ၂၇ ရက်၊ ပုသိမ်မြို့မဈေးတွင် ဆိုးဆေးများ၊ တာရှည်ခံဆေးဝါးများ၊ တားမြစ်ထားတဲ့ ဆေးဝါးများ သုံးစွဲထားမှုများပါဝင်မှု ရှိမရှိကို အစားအသောက် ၄၈မျိုး ကောက်ယူစစ်ဆေးခဲ့သည်။

"တွေ့တာက ကွမ်းသီးမှာ အနီရောင်တွေ တွေ့ရတယ် ။ ခွင့်ပြုတဲ့ဆိုးဆေးဖြစ်မလား။ တားမြစ်ထားတဲ့ ဆိုးဆေးဖြစ်မလားဆိုတာ ကောက်ယူပြီး စစ်ဆေးမှာပါ ။ ပုဇွန်ချဉ်မှာ ဆိုးဆေးသုံးထားတဲ့ သံသယရှိတယ် ။ အနီရောင်တွေ သမ်းနေတယ်။ တစ်ပတ်ကို တစ်ဈေး၊ နှစ်ဈေး စစ်သွားမယ်။ စားသုံးသူ ပါးစပ်ထဲ မရောက်ခင် ကောက်မှာပါ ။ မှတ်တမ်းရှိတာကိုလည်း ကောက်မှာပါ။ မရှိတာကိုလည်း ကောက်မှာပါ။ မှတ်တမ်းကောင်းတာမျိုး မကောက်ဘဲ ထားခဲ့ကြောင်း” အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန တိုင်းတာဝန်ခံ ဒေါက်တာပြည့်ဖြိုးက ပြောသည်။

စစ်ဆေးသော  စားသောက်ကုန်များတွင် မျှင်ငါးပိ၊ ငါးချဉ် ၊ ပုစွန်ချဉ်၊ ငံပြာရည်၊ ကွမ်းသီး၊ ဂျယ်လီ၊ သကြားလုံး၊ ဆနွင်း၊ ခေါက်ဆွဲခြောက်၊ မုန့်ဟင်းခါးဖတ်၊ ပဲပြား၊ ငရုတ်သီးမှုန့် အစရှိသည်များ ပါဝင်ပြီး  လူကို အန္တရာယ်ဖြစ်စေသောအရာများ အစားအသောက်တွင် ပါဝင်မှုရှိမရှိ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ စားသောက်ကုန်များတွင် တားမြစ်ထားသည်များ တွေ့ရှိပါက အစားအသောက်ဆိုင်ရာ ဥပဒေအရရော၊ ဒေသအာဏာပိုင်များကပါ အရေးယူသွားမည်ဟု သိရသည်။

"အရေးယူဆောင်ရွက်ဖို့ နှစ်ပိုင်းရှိတယ် ဒေသဆိုင်ရာအာဏာပိုင်တွေအရေးယူဆောင်ရွက်မှု တခြားဥပဒေအရ ဆောင်ရွက်တာပေါ့၊နောက်တစ်ပိုင်းက အမျိုးသားစားသောက်ဥပဒေအရ အရေးယူဆောင်ရွက်တာပေါ့” ဟု ဒေါက်တာပြည့်ဖြိုးက ပြောသည်။

“ကျွန်တော်ရယ် အမျိုးသားအစားအသောက်ဥပဒေအရ နှစ်ပိုင်းထပ်ခွဲတယ် တစ်ခုက စီမံခန့်ခွဲမှုနည်းလမ်း သတိပေးတာရှိမယ်။ ယာယီပိတ်သိမ်းတာရှိမယ် စားသောက်ကုန်ပစ္စည်းကို ဖျက်ဆီးသိမ်းဆီးတာရှိမယ်၊နောက်တစ်ခုက ပြစ်မှုကြောင်းအရ တရားစွဲတာပေါ့ ။ အခုထိ တရားစွဲတာမတွေ့သေးဘူး၊ပစ္စည်းကိုသိမ်းဆည်းတာ လုပ်ငန်းကိုပိတ်သိမ်းတာမျိုးအထိတော့ရှိတယ် ဆောင်ရွက်မယ်ဆိုအစားဆေးဝါးကြီးကြပ်ကော်မတီကဆောင်ရွက်ရမယ်”ဟုအစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန တိုင်းတာဝန်ခံဒေါက်တာပြည်ဖြိုးက ထပ်ပြောသည်။

တခြားဥပဒေအရဆောင်ရွက်ရင် စည်ပင်သာယာရေးဥပဒေ ရန်ကုန်၊မန္တလေး၊နေပြည်တော်ဆို သက်ဆိုင်ရာမြို့တော် စည်ပင်သာယာရေးဥပဒေ ရှိတယ်။ ဧရာဝတီတိုင်းလိုဟာမျိုးမှာ သီးခြားမဟုတ်ဘဲ စည်ပင်သာယာရေးဥပဒေ ဆိုပြီးရှိတယ် စည်ပင်သာယာရေးအဖွဲ့တွေနဲ့ ညှိနှိုင်းရတယ် ဟု ၎င်းက အရေးယူမှုအား ဆက်လက်ပြောသည်။

ပုသိမ်မြို့နယ်၊ ဘူတာဈေးတွင် စစ်ဆေးမှုနှင့်ပတ်သက်ပြီး အများပြည်သူစားသုံးရန်မသင့်ပါက ရင်းမြစ်ကိုလိုက်ကာ စုံစမ်း၍ တွေရှိကြောင်း သေချာပါက တိုင်းဒေသကြီးအစိုးရအား တင်ပြသွားမည် ဖြစ်သည်။

ပထမအပတ်တွင် ပုသိမ်မြို့၊ အောင်သီရိဈေးတွင် ပဲသွေးစစ်ဆေးမှုတွင် ဖော်မလင် ပါဝင်မှုကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

အဆိုပါ အစားအသောက်များကို စစ်ဆေးရန်ထဲမှ တချို့အစားအသောက်များအား ပုသိမ်တွင် စစ်ဆေးပြီး တချို့ကို ရန်ကုန်၊မန္တလေး ဓါတ်ခွဲခန်းများသို့ ပို့ဆောင် စစ်ဆေးကြောင်း သိရသည်။

ပုသိမ်တွင် တစ်ပတ်လျှင် အချိန်ပေါ်မူတည်ကာ နှစ်ဈေးခန့် စစ်ဆေးသွားမည်ဖြစ်ပြီး တပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် စစ်ဆေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly