တရုတ်မြေပြိုမှု ပျောက်ဆုံးနေသူဦးရေ ၁၄၀ ကျော်ထိ မြင့်တက်လာ

တရုတ်မြေပြိုမှု ပျောက်ဆုံးနေသူဦးရေ ၁၄၀ ကျော်ထိ မြင့်တက်လာ

ဇွန် ၂၄ ။                    ။ တရုတ်နိုင်ငံမှာ မြေပြိုမှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီး ယခုလက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ ဦးရေ ၁၄ ၀ ကျော်ထိ ရှိလာပြီး ၎င်းတို့အားလုံး မြေအောက်မှာ ပိမိနေပြီဟု စိုးရိမ်နေရပြီဖြစ်ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားသည်။

နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်က တောင်ပေါ်ရွာတစ်ခုတွင် ဖြစ်ပေါ်ခဲ့သည့် ယင်းမြေပြိုမှုဖြစ်စဉ်ကြောင့် မြေအောက်တွင် ပိမိပျောက်ဆုံးနေသူများကို ပြန်လည်ရှာတွေ့ရေး ဇွန်လ ၂၄ ရက်က ကယ်ဆယ်ရေးသမားများလည်း အပြင်းအထန် တူးဖော်လုပ်ဆောင်နေပြီ ဖြစ်သည်။

ပြည်နယ်ရှိ တောင်တစ်ခု ပြိုကျခဲ့ပြီးနောက် ယင်းတောင်ခြေရှိ ရှင်မိုကျေးရွာ နေအိမ်အလုံး ၄၀ ကျော် မြေကြီးဖုံးလွှမ်းခံလိုက်ရကြောင်း တာဝန်ရှိသူများက ပြောသည်။

ယခုလက်ရှိ စာရင်းများအရ လူပေါင်း ၁၄၁ ဦးထက်မနည်း နှင့် နေအိမ် ၄၆ လုံး မြေအောက် ဖုံးလွှမ်းခံထားရကြောင်း People's Daily သတင်းစာက ဖော်ပြသည်။

မြေပြိုမှုက အနီးအနားရှိမြစ်တစ်စင်းကို အကျယ်နှစ်ကီလိုမီတာခန့် ၊ ကားလမ်းတစ်ခုကို ၁ ဒသမ ၆ ကီလိုမီတာခန့် ပိတ်ဆို့သွားစေခဲ့ကြောင်းလည်း သိရသည်။

ယခုဖြစ်စဉ်မှာ အဆိုပါဒေသတွင် အကြီးဆုံးသော မြေပြိုမှုဖြစ်စဉ်တစ်ခုလည်း ဖြစ်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ယခုမြေပြိုမှုကို ဖြစ်စေခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ ရဲအရာရှိ ချန်တိုင်ဘိုက ပြောသွားသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly