မန်စီးတီးနှင့် ဒန်နီအဲလ်ဗက်စ်တို့ ၂ နှစ် စာချုပ် ချုပ်ဆိုရန် နီးစပ်နေ

မန်စီးတီးနှင့် ဒန်နီအဲလ်ဗက်စ်တို့ ၂ နှစ် စာချုပ် ချုပ်ဆိုရန် နီးစပ်နေ

ဇွန် ၂၁၊ အင်္ဂလန် ။            ။ မန်စီးတီးအသင်းနှင့် ဂျူဗင်တပ်စ်နောက်ခံကစားသမား ဒန်နီအဲလ်ဗက်စ်တို့ ၂ နှစ် စာချုပ် ချုပ်ဆိုရန် နီးစပ်နေပြီ ဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်သည့် ဘရာဇီးနောက်ခံကစားသမားကို ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားလျက်ရှိနေသည်။ သို့သော် အဲလ်ဗက်စ်က သူ၏ဆရာဟောင်း ဂွါဒီယိုလာရှိရာ မန်စီးတီးအသင်းသို့သာ ပြောင်းရွှေ့လိုလျက်ရှိနေသည်။

အဲလ်ဗက်စ်၏ ဂျူဗင်တပ်စ်နှင့်လက်ရှိစာချုပ်သက်တမ်းမှာ တစ်နှစ်ကျန်သေးသော်လည်း ၎င်း၏အေးဂျင့်က စာချုပ်ကို ဖျက်သိမ်းပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းပြောင်းခွင့်ပြုရန် ဂျူဗင်တပ်စ်အသင်းနှင့် သွားရောက်ဆွေးနွေးခဲ့သည်။ ဂျူဗင်တပ်စ်အသင်းဘက်ကမူ အဲလ်ဗက်စ်အတွက် ပေါင် ၅ သန်း အလိုရှိနေသည်။

မန်စီးတီးအသင်းသည် အသင်းမှထုတ်ပယ်ထားသည့် ဇာဘလက်တာနှင့်ဆက်ဂ်နာတို့၏နေရာတွင် အဲလ်ဗက်စ်ဖြင့် အစားထိုးရန် စီစဉ်နေခြင်းဖြစ်သည်။ သို့သော် အဲလ်ဗက်စ်မှာ မန်စီးတီးအသင်းအတွက် ကာလတို ရည်မှန်းချက်သာ ဖြစ်ပြီး စပါးနောက်ခံလူ ဝေါ်လ်ကာနှင့်အာဆင်နယ်နောက်ခံလူ ဘယ်လာရင်တို့မှာ မန်ချက်စတာမြို့ခံအသင်း၏ ကာလရှည် ရည်မှန်းချက်များ ဖြစ်သည်။

နည်းပြဂွါဒီယိုလာ၏ တီကီတာကာ ဘာစီလိုနာအသင်းတွင် အဲလ်ဗက်စ်မှာ အဓိကကျသည့် နောက်ခံလူတစ်ဦးဖြစ်ခဲ့ပြီး ဂွါဒီယိုလာနှင့်အဲလ်ဗက်စ်တို့ ပြန်လည်ပေါင်းထုပ်လျှင်လည်း အံ့သြစရာမရှိကြောင်း ဒေးလီးမေးလ်သတင်းစာက ဖော်ပြခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags