ထိုင်းစစ်အာဏာသိမ်းမှုကို လက်စားချေလို၍ စစ်ဆေးရုံအား ဗုံးခွဲခြင်းဟု ဖမ်းမိထားသူ ဝန်ခံ

ထိုင်းစစ်အာဏာသိမ်းမှုကို လက်စားချေလို၍ စစ်ဆေးရုံအား ဗုံးခွဲခြင်းဟု ဖမ်းမိထားသူ ဝန်ခံ

ဘန်ကောက်၊ ဇွန် ၂၀ ။         ။ အကြိမ်ကြိမ် အာဏာသိမ်းနေသော ထိုင်းစစ်တပ်ကို မနှစ်မြို့သည့် စိတ်ကြောင့် စစ်ဆေးရုံကို ဗုံးခွဲခြင်းဖြစ်ကြောင်း ဖမ်းမိထားသူက ဇွန် ၂၀ ရက်တွင် လူသိရှင်ကြား ဝန်ခံသည်။

ပြီးခဲ့သည့် မေ ၂၂ ရက်က ဘန်ကောက်ရှိ စစ်တပ်ပိုင် ဆေးရုံ အထူူးဧည့်တွေ့ဆောင်တွင် ဗုံးခွဲမှုဖြစ်၍ လူ ၂၁ ဦး ဒဏ်ရာရခဲ့သည်။

စစ်အစိုးရအကြီးအကဲ ပရာယွတ်ချန်အိုချာက ၎င်း၏ အာဏာသိမ်းရယူထားခြင်းကို မကျေနပ်သူတစ်ဦးတစ်ယောက်က ဗုံးခွဲခြင်းဖြစ်နိုင်သည်ဟု ကောက်ချက်ချနိုင်မိပြီးနောက် ယင်းဖောက်ခွဲမှုဖြစ်ရပ်ကို မှေးမှိန်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း သံသယဖြင့် ဖမ်းဆီးရမိသူ အသက် ၆၂ နှစ်ရှိ အင်ဂျင်နီယာဟောင်းတစ်ဦးဖြစ်သော ဝါတာနာဖန်းရတ်က ဘန်ကောက်ရှိ ဘုရင်မွန်ခက်ဆေးရုံကို သံစသံနများဖြင့် အသေးစားဗုံး ပြုလုပ်ကာ ပန်းအိုးအတွင်း ထည့်သွင်းဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း အသေးစိတ်ဝန်ခံသည်။

"စစ်တပ်က အာဏာသိမ်းပြီး ရယူထားတဲ့ အစိုးရအပေါ် မုန်းတီးစိတ်ကြောင့်ပဲဖြစ်တယ်။ အာဏာသိမ်းမှုတိုင်းဟာ စီးပွားရေးကို ကပ်ဆိုက်စေသလို ပြည်သူတွေရဲ့အခွင့်အရေးကိုလည်း တင်းကျပ်လာတာပဲဖြစ်တယ်။"ဟု စစ်ထောင်တွင် သီတင်းတစ်ပတ်နီးပါး ချုပ်နှောင်ထိန်းသိမ်းခံရပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝါတာနာက ပြောခဲ့သည်။

လူအသေအဆုံးများသည့် ဆန္ဒပြမှုများနှင့် အစိုးရ မတည်မြဲသည့် ဆူပူကျပ်တည်းသည့်ကာလများအတွင်း ၁၉၃၂ ခုနှစ်ကစကာ ထိုင်းစစ်တပ်သည် အောင်မြင်သောအာဏာသိမ်းမှု ၁၂ ကြိမ်ရှိထားပြီး နှစ်ကြိမ်မှာ ပြီးခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်းမှာပင် ဖြစ်ပွားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly