UNFC အဖွဲ့ဝင် အသစ်အဖြစ် ၅ဖွဲ့လျောက်ထားသော်လည်း ယခုညီလာခံတွင် မဆုံးဖြတ်သေး

UNFC အဖွဲ့ဝင် အသစ်အဖြစ် ၅ဖွဲ့လျောက်ထားသော်လည်း ယခုညီလာခံတွင် မဆုံးဖြတ်သေး

ချင်းမိုင်၊ ဇွန် ၂၀ ။              ။ ညီညွတ်သော တိုင်းရင်းသားလူမျုးိများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်အသစ် အဖြစ် လျောက်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၅ ဖွဲ့ရှိသော်လည်း ယခု ညီလာခံတွင် ဆုံးဖြတ်မည်မဟုတ်ကြောင်း UNFC ဒုဥက္ကဌ နိုင်ဟံသာက ပြောသည်။

“ကေအိုင်အို နုတ်ထွက်ရင် ကေအန်အိုအနေနဲ့ပြန်ဝင်ဖို့ ရှိနိုင်တယ်။ ကေအန်အိုဆိုတာ အရင်ကတည်းက UNFC စဖွဲ့တုန်းကတော့ပါတယ်ဗျ၊ CNF ကျနော်တို့ ယာယီထုတ်ထားတာ သူတိုက   ပြန်ဝင်ချင်တယ်။ နောက် အဆိုပြုထားတဲ့အဖွဲ့ ကူကီးဆိုတဲ့ အမျိုးသားအဖွဲ့ (ကေအန်အို)ပဲ။ အဲဒါလည်း လျှောက်ထားတာ ကြာပြီ။ အဲဒါလည်း စဉ်းစားပေးရမယ်။ နောက် တဖွဲ့က ဇူမီအဖွဲ့ကလည်း အဖွဲ့ဝင်ဖြစ်ဖို့ လျှောက်ထားတာ ဒါကိုလည်း စဉ်းစားပေးရမယ်”ဟု နိုင်ဟံသာက ပြောသည်။

သို့သော် UNFC အဖွဲ့အသစ်အဖြစ် လျှောက်ထားသော အဖွဲ့ဝင်အသစ်များအား လက်ခံ၊ မလက်ခံကိုမူ ယခု ကျင်းပနေသော ညီလာခံတွင် မူအားဖြင့် ဆွေးနွေး၍ နောက်ပိုင်း ကော်မတီသစ် တစ်ရပ်ဖွဲ့စည်းကာ ဆုံးဖြတ်သွားမည်ဖြစ်သည်။

UNFC တွင် အဖွဲ့ဝင် အသစ်များ တိုးလာမည်ဆိုပါက အစိုးရအနေဖြင့် ဆက်လက် ညှိနှိုင်းသွားမည် မဟုတ်ကြောင်း အစိုးရဘက်မှ ပြောဆိုထားသည်။

ယင်းပြောဆိုချက်အပေါ် နိုင်ဟံသာက “ဒါကတော့ သူတို့အနေနဲ့ ဒီလို ပြောလာတဲ့ဆိုတဲ့ဟာမှာ ဒို့ဆွေးနွေးနေတဲ့ NCA ကိစ္စမှာ အဖွဲ့အသစ်တွေဆိုရင်တော့ နောက်ထပ် စဉ်းစားရမလားဆိုတဲ့ အနေအထားကြောင့်ပဲလို့ ထင်တယ်။ အမှန်ကတော့ ဒို့လည်း နည်းလမ်းရှာမှာပါ။ ဥပမာ သူတို့ကတော့ အစကတည်းက NCAကိစ္စမှာ မပါတော့ သူတို့ ကိစ္စကို နောက်ချန်ထားမယ်။ ကျနော်နဲ့အရင်ကတည်းက ပါလာတဲ့ အဖွဲ့တွေနဲ့ အန်စီအေ ကိစ္စကို စဉ်းစားသွားလို့ ရပါတယ်။ ဒါပေမဲ့ သူတို့ကိုလည်း ကျနော်တို့ကတော့ အားတခုအနေနဲ့လက်တွဲသင့်ရင်တော့ လက်တွဲသွားမှာပါ”ဟု နိုင်ဟံသာက ပြောသည်။

ယခုကျင်းပနေသည့် ညီလာခံတွင် UNFCအဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်စာတင်ထားသော အဖွဲ့ဝင်များကိစ္စကို အပြန်အလှန် ဆွေးနွေးပြီး ဆက်လက် လက်တွဲနိုင်သည့် နည်းလမ်းများ ရှာဖွေသွားမည်ဟုလည်း ၎င်းက ပြောသည်။

KIO က နုတ်ထွက်စာတင်ထားသော်လည်း နုတ်ထွက်ရန် မသေချာသေးဟုဆိုသည်။ ဝ အမျိုးသားအဖွဲ့ချုပ် (WNO)ကမူ ၎င်းတို့ အဖွဲ့ကို ဖျက်သိမ်းကာ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)နှင့် ပူးပေါင်းရန်ရှိသဖြင့် နုတ်ထွက်ရန် သေချာနေ သလောက် ရှိနေပြီဟုလည်း ၎င်းက ဆိုသည်။

အလားတူ နုတ်ထွက်စာတင်ထားသော ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး/ တအာင်းအမျိုးသားတပ်(PSLF//TNLA )နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်-ကိုးကန့်တပ်ဖွဲ့ (MNDAA)တို့က နုတ်ထွက်၊ မထွက် ညီလာခံတွင် ဆုံဖြတ်မည် ဖြစ်သည်။ ယနေ့ ကျင်းပသော ညီလာခံတွင်လည်း အဆိုပါအဖွဲ့ ၂ဖွဲ့ တက်ရောက်လာခြင်း မရှိပေ။

ယနေ့ ကျင်းပနေသော ညီလာခံတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်အမျိုုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အဖွဲ့အစည်း (LDU) တို့ UNFC အဖွဲ့ဝင် အဖွဲ့အစည်းများ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ၅ ဦးစီ အပါအဝင် စုစုပေါင်း ၅၀ ခန့် တက်ရောက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags