ပဲရစ်မြို့တွင် ရဲကားတစ်စီးကို ပေါက်ကွဲစေတတ်သော ပစ္စည်းများတင်ဆောင်လာသည့် ကားတစ်စီးက အရှိန်ဖြင့်ဝင်တိုက်

ပဲရစ်မြို့တွင် ရဲကားတစ်စီးကို ပေါက်ကွဲစေတတ်သော ပစ္စည်းများတင်ဆောင်လာသည့် ကားတစ်စီးက အရှိန်ဖြင့်ဝင်တိုက်

ပဲရစ်၊ ဇွန် ၂၀ ။                  ။ ပြင်သစ်နိုင်ငံပဲရစ်မြို့မှ ရှမ့်အီလက်ဆေရိပ်သာလမ်းပေါ်ရှိ ရဲကားတစ်စီးကို ဂတ်စ်ဘူးများတင်ဆောင်လာသော ကားတစ်စီးက အရှိန်ဖြင့်ဝင်တိုက်ခဲ့သောကြောင့် ယာဉ်မောင်းဖြစ်သူသေဆုံးခဲ့ပြီး အဆိုပါဖြစ်ရပ်သည် အကြမ်း ဖက်တိုက်ခိုက်ရန် ကြံစည်မှုတစ်ခုဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးက တနင်္လာနေ့တွင် ပြောခဲ့သည်။

ရဲတပ်ဖွဲ့၏ အဆိုအရ ရဲကားကိုဝင်တိုက်ခဲ့သော ရီနော့လ်မီဂန်အမျိုးအစား ကားအဖြူရောင်အတွင်း၌ ကာလက်ရှ်နီကော့ဗ် ရိုင်ဖယ်တစ်လက်၊ ပစ္စတိုတစ်လက် နှင့် ဂတ်စ်ဘူးများကို တွေ့ရှိခဲ့ကြောင်း သိရသည်။

“ပြင်သစ်နိုင်ငံက လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာပါပြီ” ဟု ပြည်ထဲရေး ဝန်ကြီး ဂျာရတ်ကိုလောင်းမ်က ပြောခဲ့ပြီး အဆိုပါဖြစ်ရပ်သည် အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်မှုဖြစ်ကြောင်း ပြောခဲ့သည်။

“အဆိုပါယာဉ်အတွင်းမှာရှိတဲ့ လက်နက်တွေနဲ့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေဟာ ကားနှစ်စီးစလုံးကို ပေါက်ကွဲသွားစေနိုင်ပါတယ်” ဟု သူက ဖြည့်စွက်ပြောကြားခဲ့သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ပီရီအွန်နရီဘရန်ဒက်က ဗုံးရှင်းလင်းရေး ကျွမ်းကျင်သူများသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ပြီး အဆိုပါယာဉ်ကြောင့် နောက်ထပ်အန္တရာယ်များ မပေါ်ပေါက်အောင် သေချာစိစစ်ခဲ့ကြောင်း ပြောခဲ့သည်။

ယင်းဖြစ်ရပ်အတွင်း၌ ရဲအရာရှိများနှင့် ဘေးမှရပ်ကြည့်နေသူ မည်သူမှ ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

“လူတွေဟာ အလန့်တကြား ပြေးလွှားနေခဲ့ကြပါတယ်” ဟု ဘေးမှရပ်ကြည့်နေခဲ့သော အသက် ၅၁နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောခဲ့သည်။

တန်ပြန်အကြမ်းဖက် ချေမှုန်းရေးအဖွဲ့မှ အစိုးရရှေ့နေများသည် ယခုအမှုကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိ ပြီး ရဲတပ်ဖွဲ့သည် ကမ္ဘာလှည့်ခရီးသည် အများအပြားလာရောက်သည့်ဈေးဆိုင်များနှင့် ရုပ်ရှင်ရုံများရှိသော ရှမ့်အီလက်ဆေရိပ်သာလမ်းပေါ်ရှိ မြေအောက်မီးရထားလမ်းနှစ်ခုကို ပိတ်ဆို့ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly