တရုတ်-မြန်မာနယ်စပ်ဒေသတွင် နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်ကြသောကုန်သည်အချို့၏ ဘဏ်ငွေစာရင်းများအပိတ်ခံရသည့်ကိစ္စအား နှစ်နိုင်ငံသက်ဆိုင်ရာဌာနများနှင့် အချိန်မီညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း တရုတ်သံရုံးက ထုတ်ပြန်လိုက်သည်။
နှစ်နိုင်ငံနယ်စပ်နေပြည်သူများ၏ အကျိုးတူစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် နယ်စပ်ဒေသတရားမဝင်လှုပ်ရှားမှုများကို တိုက်ဖျက်ရန်အတွက် ကုန်သည် အချို့၏ ဘဏ်ငွေစာရင်းများကို ယာယီပိတ်ထားခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"လတ်တလောကာလများ၌ တရုတ် သက်ဆိုင်ရာဌာနမှ နယ်စပ်ဖြတ်ကျော်မှုခင်းများကို စုံစမ်းစစ်ဆေးရာတွင် နှစ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသူများကို စုံစမ်းမှုများတွင် ပူးပေါင်းပေးပါရန် ဥပဒေနှင့်အညီတောင်းဆိုထားပြီး ကုန်သည်အချို့၏ ဘဏ်ငွေစာရင်းများကို ယာယီပိတ်ထားခဲ့ပါသည်" ဟု ဆိုသည်။
ထိုပိတ်ထားသော ဘဏ်ငွေစာရင်းများတွင် မြန်မာနိုင်ငံမှ နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူအချို့၏ ဘဏ်ငွေစာရင်းများလည်း ပါဝင်နေခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပုံမှန်ဖွံ့ဖြိုးတိုးတက်နိုင်ရေးနှင့် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွား ကာကွယ်စောင့်ရှောက်နိုင်ရေးမူဝါဒတို့ကို အခြေခံ၍သက်ဆိုင်ရာ ပြဿနာကိုကောင်းမွန်စွာ ဖြေရှင်းသွားမည်ဟုလည်း ဆိုထားသည်။
ယင်းလုပ်ဆောင်ချက်မှာ ယာယီလုပ်ဆောင်ချက်သာ ဖြစ်သည်ဟုလည်း သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ကုန်သည်အချို့၏ ဘဏ်စာရင်းများကို ဇွန်လ ၁၄ရက်မှ စတင်၍ ယာယီပိတ်ထားခြင်းဖြစ်ပြီး တရုတ်မှောင်ခိုဂိုဏ်း ၂၇ဂိုဏ်းကို ဖြိုခွင်းရန် ယင်းသို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း သိရသည်။