မြန်မာအိမ်အကူမိန်းကလေး၏ အဘိုးအဘွားအား ထောက်ပံ့ရန် စင်ကာပူဒေါ်လာ ၁၇၀၀၀ ကျော် ရရှိ

မြန်မာအိမ်အကူမိန်းကလေး၏ အဘိုးအဘွားအား ထောက်ပံ့ရန် စင်ကာပူဒေါ်လာ ၁၇၀၀၀ ကျော် ရရှိ
ဓာတ်ပုံ-စလုံး ဖေ့ဘုတ်ပေ့။

ရန်ကုန်၊ ဇွန်လ ၁၈ ။             ။ စင်ကာပူနိုင်ငံရှိ အထပ်မြင့် ကွန်ဒိုတိုက်ခန်း ၁၈ လွှာမှ ခုန်ချအဆုံး စီရင်ခဲ့သော မြန်မာမိန်းကလေး မဇင်မာဦး၏ ကျန်ရှိသည့် အဘိုးအဘွားအား ကူညီထောက်ပံ့ရန် လုံလောက်သည့် ပမာဏ ရရှိခဲ့သည့်အတွက် အလှူငွေကောက်ခံမှုအား ယနေ့ ဇွန်လ ၁၈ ရက်တွင် ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အလှူငွေ ကူညီ ကောက်ခံပေးနေသည့် စာရေးဆရာ ကိုဝေဟင်အောင် က မဇ္ဈိမသို့ ပြောသည်။

ဇွန်လ ၁၈ ရက်၊ နေ့လည် ၁ နာရီအထိ စင်ကာပူနိုင်ငံတွင် ကောက်ခံရရှိသည့် အလှူငွေမှာ စုစုပေါင်း စင်ကာပူဒေါ်လာ ၁၇,ဝဝဝ ကျော် ရရှိခဲ့ပြီး မဇင်မာဦး၏ ရခိုင်ပြည်နယ်တွင် ကျန်ရှိသည့် အဘိုးအဘွားအား ကူညီထောက်ပံ့နိုင်ရန်အတွက် ဖြစ်သည်။

 “ စင်ကာပူနိုင်ငံမှာရှိတဲ့ ကျွန်တော်မိတ်ဆွေတွေက ဦးဆောင်ပြီး အလှူငွေကောက်ခံပေးနေတာပါ။ မြန်မာနိုင်ငံ အနှံ့က နေ ပြီးတော့ ဖုန်းဆက်ပြီး ဘဏ်ကနေ လွှဲပေးထားတာတွေလည်း ရှိတယ်။ ကျွန်တော်ကတော့ လာမယ့် ဇွန်လ ၂ဝ ရက်နေ့မှာ အလှူငွေကောက်ခံတာ ရပ်မှာပါ။ ကောက်ခံထားတဲ့ အလှူငွေပမာဏတွေနဲ့ စာရင်းတွေကိုလည်း စလုံးတရားဝင် ပေ့ချ် မှာပဲ တင်ပေးသွားမှာပါ”ဟု ကိုဝေဟင်အောင်က ပြောသည်။

အဆိုပါ ကောက်ခံရရှိထားသည့် အလှူငွေများအား သေဆုံးသူ မဇင်မာဦး၏ အဘိုးနှင့်အဘွားအတွက် သင့်တင့်သည့် နေအိမ်တစ်လုံးဆောက်လုပ်ပေးသွားမည့်အပြင် ရှေ့နေ၊ အကျိုးဆောင်အပါအဝင် သုံးဦးဖြင့် Joint Account ဖွင့် ပြီး အဖိုးအဖွား အနာဂတ်အတွက် လစဉ် ဘဏ်မှ ထောက်ပံ့ငွေ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ အဘိုးအဘွားအတွက် ကျန်းမာရေးကုသစရိတ်ကတော့ သီးသန့်ပေးသွားမှာပေါ့။ အဖိုးအဖွား ဆုံးပါးသွားတဲ့ အချိန်မှာ ဘဏ်လက်ကျန်ငွေကျန်ရှိသေးတယ်ဆိုရင်တော့ အဲ့ဒီငွေတွေကို မိဘမဲ့ဂေဟာတို့၊ ဘိုးဘွားရိပ်သာတို့ လှူဒါန်းပေးဖို့အတွက် ကျွန်တော်တို့ အဖွဲ့က စီစဉ်ထားပါတယ်။ ဒီလိုလုပ်ဆောင်တာတွေကိုလည်း စလုံး ဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ကျွန်တော်တို့ အဖွဲ့က တင်ပေးသွားမှာပါ”ဟု ကိုဝေဟင်အောင်က ပြောသည်။

ဇွန်လ ၁၂ ရက်ညနေပိုင်းက စင်္ကာပူနိုင်ငံရှိ ကွန်ဒိုတိုက်ခန်း ၁၈ လွှာမှ ခုန်ချအဆုံးစီရင်ခဲ့သော အသက် ၂၁ နှစ်အရွယ် မြိုတိုင်း ရင်း သူ မဇင်မာဦးမှာ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဂူတလုကျကျေးရွာတွင် နေထိုင်သူဖြစ်ပြီး စင်္ကာပူနိုင်ငံတွင် အိမ်အကူအဖြစ်လုပ်ကိုင်သည်မှာ ၁၁ လခန့်ရှိပြီ ဖြစ်သည်။

အဆိုပါ မိန်းကလေးငယ်၏ ရုပ်အလောင်းအား စင်ကာပူနိုင်ငံရှိ Mandai Crematorium Hall 1 တွင် ရေစက်ချ အမျှဝေကာ ယနေ့ ဇွန်လ ၁၈ ရက်၊ ည ၈ နာရီ၊ ၄၅ မိနစ်တွင် မီးသဂြိုလ်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly