အိုဘားမား၏ ကျူးဘားနှင့် တစ်ဖက်သတ် သဘောတူညီမှု တစ်စိတ်တစ်ဒေသအား ပယ်ဖျက်သွားမည်ဟု ဒေါ်နယ်ထရမ့် ပြော

အိုဘားမား၏ ကျူးဘားနှင့် တစ်ဖက်သတ် သဘောတူညီမှု တစ်စိတ်တစ်ဒေသအား ပယ်ဖျက်သွားမည်ဟု ဒေါ်နယ်ထရမ့် ပြော

ဝါရှင်တန်၊ ဇွန် ၁၇ ။          ။ ကျူးဘားနှင့် ခရီးသွားလာမှုနှင့် ရင်းနှီးမြုပ်နှံမှုများတွင် ကန့်သတ်ချက်များကို ပယ်ဖျက်ခဲ့သည့် ယခင်အိုဘားမားအစိုးရ၏ အထူးအမိန့်ဒီဂရီအား ပြန်လည်ရုပ်သိမ်းရန် လုပ်ဆောင်နေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၁၆ ရက်က ပြောခဲ့သည်။

“အရင်အစိုးရရဲ့ ကျူးဘားနဲ့ လုံးလုံးတစ်ဖက်သတ်ဆန်တဲ့ သဘောတူညီမှုကို ပယ်ဖျက်ဖို့ ကျွန်တော်လုပ်နေပါတယ်။”ဟု မီယာမီတွင် ကျူးဘား-အမေရိကန် ပရိသတ်အများစုရှေ့၌ ထရမ့်က ပြောလိုက်ခြင်းဖြစ်ပြီး ကျူးဘားပြည်နယ်များအတွက်ရော၊ အမေရိကန်ပြည်သူများအတွက်ပါ ပိုမိုကောင်းမွန်မည့် ဆက်ဆံရေးကို ဖော်ဆောင်သွားမည်ဟု ဆိုသည်။

စစ်အေးကာလ ရန်သူဟောင်း နှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် ကျူးဘားနိုင်ငံသည် ၂၀၁၄ ဒီဇင်ဘာအတွင်းက နှစ်နိုင်ငံ ဆက်ဆံရေး ပုံမှန်စတင်ကြောင်း ကြေညာပြီး ၂၀၁၅ ဇူလိုင်တွင် သံရုံးများမှ တစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုပျော့ပျောင်းရေးကို ဖော်ဆောင်ခဲ့သည်။

ထိုသို့ ကောင်းမွန်သည့် ဆက်ဆံရေးဖော်ဆောင်မှုများအနက် အိုဘားမားအစိုးရက အမေရိကန်နိုင်ငံသားများ ကျူးဘားသို့ သွားရောက်ခြင်း၊ စီးပွားရေးလုပ်ကိုင်ခြင်းများ ပိုမိုလွယ်ကူရေးနှင့် အစွန်းရောက်ထောက်ပံ့သည့် နိုင်ငံစာရင်းမှ ကျူးဘားနိုင်ငံအား ပယ်ဖျက်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

သို့သော် ရွေးကောက်ပွဲမဲဆွယ်ကာလက ကတိအတိုင်း ဒေါ်နယ်ထရမ့်က ကျူးဘားနှင့် သဘောတူညီမှုကို ပြန်လည်ပြင်ဆင်မည်ဖြစ်ကြောင်း ဇွန် ၁၆  ရက်တွင် ပြောလာခဲ့ခြင်းဖြစ်သည်။

“ကျူးဘားမှာ နိုင်ငံရေးအကျဉ်းသား အကုန် မလွတ်မချင်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို လေးစားမှု ရှိလာမှ၊ နိုင်ငံရေးပါတီအားလုံး တရားဝင်ရပ်တည်နိုင်ပြီး နိုင်ငံတကာအသိအမှတ်ပြု လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ မကျင်းပ မနိုင်မချင်း ဒဏ်ခတ်ပိတ်ဆို့မှု ဆက်ရှင်တွေကို ရုပ်သိမ်းပေးမှာ မဟုတ်ပါဘူး။”ဟု ထရမ့်က ပြောသည်။

၎င်း၏ အစိုးရအနေဖြင့် ကျူးဘားနှင့် စေ့စပ်ရေးစားပွဲဝိုင်းသို့ ပြန်သွားမည်ဖြစ်ကာ ရှိနေဆဲ မူဝါဒစနစ်ကို ပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags