မကွေးတိုင်းအတွင်းရှိ သက်ကြီးရွယ်အိုများအား ကျပ်သိန်း ၉၀၀ ကျော် ထောက်ပံ့မည်

မကွေးတိုင်းအတွင်းရှိ သက်ကြီးရွယ်အိုများအား ကျပ်သိန်း ၉၀၀ ကျော် ထောက်ပံ့မည်

မကွေး၊ ဇွန် ၁၆ ။              ။ မကွေးတိုင်းဒေသအတွင်းရှိ အသက်၉၀နှင့် ၉၀  အထက် အဘိုးအဘွားများအား တစ်လလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ဧပြီ ၊ မေ ၊ ဇွန် ၃ လစာကို လူမှု့ဝန်ထမ်းဦးစီးဌာနမှ ပေးအပ်သွားမည်ဖြစ်ပြီး ကျပ် သိန်း ၉၀၀ ကျော် ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။

ဇွန် ၁၅ ရက်နေ့မှ စတင်၍ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တဆင့် မကွေးတိုင်းဒေသကြီးရှိ အဘိုးအဘွားများကို တစ်ဦးလျှင် ၃လစာ ကျပ် ၃ သောင်းနှုန်းဖြင့် လိုက်လံပေးအပ်ဆောင်ရွက်နေခြင်း   ဖြစ်သည်။

လက်ရှိတွင် မကွေးတိုင်းဒေသကြီးအတွင်း အသက် ၉၀ နှင့် ၉၀ အထက် အဘိုးအဘွား ဦးရေ ၃ ထောင်ကျော် ရှိနေကြောင်း သိရသည်။

“မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၇ မတ်လ အကုန်ထိ ကောက်ယူထားတာ အသက် ၉၀ နှင့် ၉၀ အထက် အဘိုးအဘွား ဦးရေ ၃၃၁၉ ဦး ရှိနေတယ်။ ဧပြီ မေ ဇွန်လ သုံးလစာအတွက် ထောက်ပံ့ငွေ သုံးသောင်းကျပ်ကို အဘိုးအဘွားတွေရဲ့လက်ထဲ ထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ မကွေးတိုင်းဒေသကြီးညွှန်ကြားရေးမှူး ဒေါ်ခင်နွဲ့က ပြောသည်။

အသက်ကြီး အဘိုးအဘွားများကို ထောက်ပံ့ငွေ ပေးနိုင်ရန်အတွက် ဇွန်လ ၁၂ ရက်နေ့မှစတင်၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးများထံ စာရင်းနှင့်တကွ ပို့ပေးထားကြောင်း ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများက ၎င်းတို့သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးထံတွင် ဇွန်လ ၁၃/၁၄/၁၅ ရက်နေ့၌ ငွေထုတ်ယူပြီး ၁၆ ရက်နေ့မှ ၂၈ ရက်အတွင်း အသက်ကြီး အဘိုးအဘွားများ လက်ထဲအရောက်   ပေးပို့သွားရန် တိုင်းရုံးမှ ညွှန်ကြားထားကြောင်း မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

မကွေးမြို့တွင် အသက်၉၀နှင့်အထက်အဘိုးအဘွားများအား လူမှု့ဝန်ထမ်းဦးစီးဌာနမှ တစ်လ တစ်သောင်းကျပ်နှုန်းဖြင့် ဧပြီ မေ ဇွန် ၃ လစာအား မြို့မအိုဘိုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြဝင်းက တဆင့် ရပ်ကွက်ရှိ အဘိုးအဘွား ၅ ဦး အား လိုက်လံပေးအပ်ခဲ့ခြင်းဖြစ်သည်။

“အခုလိုပေးအပ်တဲ့အခါ ဆရာမ တစ်ယောက်က ဘေးအနီးကနေ သက်သေအဖြစ် လက်မှတ် ရေးထိုးပေးရပါတယ်။ ရပ်ကွက်ထဲမှာ ၅ ဦးရှိတယ်။ တစ်ဦးမှာ ပုံစံ ၁၀က ရပ်ကွက်မဲ့ဖြစ်နေတယ်။ အခုနေထိုင်တာက ဈေးရပ်ဖြစ်နေတော့ လွဲနေပါတယ်။ ၄ဦးကို လက်ထဲအရောက်ပေးပြီးပါပြီ” ဟု မြို့မ အိုးဘိုရပ်ကွက်မှ ရာအိမ်မှူး ဦးမောင်မောင်တင့်က ပြောသည်။

မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၁၇ ခုနှစ် ဧပြီလမှ ဇွန်လအထိ စစ်တမ်းများအရ အသက် ၉၀ နှင့်၉၀ အထက် အဘိုးအဘွားများမှာ မကွေးခရိုင်တွင် ၈၃၇ ဦး ပခုက္ကူခရိုင်တွင် ၈၃၄ ဦး ဂန့်ဂေါခရိုင်တွင် ၂၅၄ ဦးမင်းဘူးခရိုင်တွင် ၅၁၀ ဦး သရက်ခရိုင်တွင် ၇၀၈ ဦးနှင့် မကွေးမြို့နယ်တွင် ၁၄၅ ဦး စုစုပေါင်း ၃၂၈၈ ဦး စစ်တမ်းကောက်ယူ ရရှိထားသည်။

တချို့အဘိုးအဘွားများမှာ သေဆုံးပြီး ဖြစ်ကြောင်းနှင့် အသက်ရှိ အဘိုးအဘွားတစ်ယောက် လျှင် တစ်လ တစ်သောင်းကျပ်နှုန်းဖြင့် သုံးလစာဖြင့် ထုတ်ပေးမည့်ငွေ စုစုပေါင်း ၉၈၆၄၀၀၀၀ ကျပ်ကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ခင်နွဲ့ထံက သိရသည်။

မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာအရ အသက်ကြီးအဘိုးအဘွားများကို လူမှုရေးပင်စင် တစ်လလျှင် တစ်သောင်းကျပ်နှုန်း ထောက်ပံ့နေသည့်အပြင် ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်၂ နှစ်အောက် ကလေးငယ်များအားထောက်ပံ့ပေးမည့် အစီအစဉ်များလည်း ရှိနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly