ကဘူးလ်မြို့က ရှီးယိုက်ဗလီတွင် အသေခံတိုက်ခိုက်မှုဖြစ်၍ ခြောက်ဦးသေဆုံး

ကဘူးလ်မြို့က ရှီးယိုက်ဗလီတွင် အသေခံတိုက်ခိုက်မှုဖြစ်၍ ခြောက်ဦးသေဆုံး

ကဘူးလ်၊ ဇွန် ၁၆ ။         ။ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရှိ ရှီယိုက်ဗလီတွင် ဇွန် ၁၅ ရက် ညက အသေခံတိုက်ခိုက်မှုဖြစ်၍ လူခြောက်ဦး အနည်းဆုံးသေဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာရသည်။

ကဘူးလ်မြို့စွန်က အယ်ဇာဟာဗလီသို့ အစွန်းရောက်များ လာရောက်တိုက်ခိုက်၍ ရဲအစောင့်တပ်နှင့် အပြန်အလှန် ပစ်ခတ်ပြီးနောက် အသေခံဗုံးခွဲသမားတစ်ဦးက ဗလီကို ပစ်မှတ်ထားကာ ဗုံးဖောက်ခွဲလိုက်ခြင်းဖြစ်သည်ဟု မြို့တော်ရဲဌာန ပြောဆိုခွင့်ရှိသူ ဘာရှားမူဂျာဟစ်က EFE သို့ ပြောသည်။

အစွန်းရောက် သောင်းကျန်းသူနှစ်ဦးက ဗလီအတွင်း ဝင်ရောက်ကာ ဝတ်ပြုဆုတောင်းရာ ဟောခန်းတွင် ဗုံးခွဲရန် ကြိုးစားခြင်းအား လုံခြုံရေးတပ်များက တားဆီးထားခဲ့ကြောင်း၊ ၎င်းတို့နှင့် လုံခြုံရေးတပ် ထိပ်တိုက်တွေ့ပြီးနောက် တစ်ဦးသောသူက ဗလီရှိ မီးဖိုချောင်သို့ ပတ်ဝင်ကာ အသေခံဗုံးခွဲလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဖြစ်အပျက်က ဆယ့်ငါးမိနစ်လောက် ကြာတယ်။ အစွန်းရောက်တစ်ဦးကို ရဲက ပစ်ခတ်လိုက်တာဖြစ်ပြီး ကျန်တဲ့ တစ်ယောက်ကတော့ ဗလီထဲက မီးဖိုချောင်ထဲ ဝင်ရောက်နိုင်ပြီး ဗုံးခွဲသွားခဲ့တာဖြစ်တယ်။”ဟု မူဂျာဟစ်က ပြောသည်။

၎င်းအစွန်းရောက်နှစ်ဦးအပြင် အရပ်သား သုံးဦးနှင့် ရဲတစ်ဦး သေဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာရသည်။

မွတ်စလင် ရာမာဇန်ဥပုသ်လအတွင်း ဗလီတွင်းက ဝတ်ပြုဆုတောင်းသူများကို တိုက်ခိုက်ခြင်းက ယုံကြည်မှု၊ ကိုးကွယ်ရာနှင့် အယူဝါဒတို့အပေါ် ဖီလာဆန့်ကျင်သည့် ကျုးလွန်မှုဖြစ်ကြောင်း အာဖဂန်အထူးအမှုဆောင်အရာရှိ အဗ္ဗဒူလန် အဗ္ဗဒူလက်ရှ်က တွစ်တာတွင် ရေးသားသည်။

ယခုတိုက်ခိုက်မှုသည် ဆွန်နီနှင့် ရှီယိုက်မွတ်စလင်များ ဗလီတက် ဝတ်ပြုရာ ရာမာဇန်ဥပုသ်လ ရက် ၂၀ မြောက်တွင် ဖြစ်ပွားခြင်းဖြစ်သည်။

တာလီဘန်အဖွဲ့က ယခုတိုက်ခိုက်မှုတွင် ပါဝင်ခြင်း မရှိကြောင်း ပြောပြီး ၎င်းတို့အဖွဲ့သည် မည်သည့်အခါမျှ ဗလီများကို တိုက်ခိုက်ခြင်းမရှိကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly